သထုံမြို့နယ်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး အကျအဆုံးရှိဟု သထုံပြောက်ကျားအဖွဲ့ဆို

By OAK
22 November 2021
သထုံမြို့နယ်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး အကျအဆုံးရှိဟု သထုံပြောက်ကျားအဖွဲ့ဆို

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ပိန္နဲတောလမ်းပေါ်ရှိ ထုံးဘိုလေးရွာနှင့် ထုံးဘိုကြီးရွာကြားတွင် စစ်ကောင်စီတပ်ကို KNU/KNLA တပ်မဟာ (၁) နှင့်အတူ ပူးပေါင်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က အကျအဆုံးရှိကြောင်း သထုံပြောက်ကျားတပ် (TGP) အဖွဲ့ တာဝန်ရှိသူက ပြောသည်။

ယနေ့ နိုဝင်ဘာ ၂၂ ရက် နေ့လယ် ၁၁ နာရီ ၁၀ မိနစ်တွင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီဘက်မှ နှစ်ဦးထက် မနည်း သေဆုံးကာ အနည်းဆုံး လေးဦး ဒဏ်ရာ ရခဲ့ကြောင်း ၎င်းက ပြောသည်။

"သူတို့က အင်အား ၄၀ ကျော်တယ်။ သုံးဖွဲ့ခွဲပြီး လာတာ။ ၁၅ယောက် အဖွဲ့နဲ့ တိုးတာ။ အပြန်အလှန် ငါးမိနစ်လောက်တော့ ပစ်တယ်"ဟု TGP အဖွဲ့ တာဝန်ရှိသူက ပြောသည်။

နိုဝင်ဘာ ၈ ရက်ကလည်း သထုံ အမှတ် (၄၀၂) အမြှောက်တပ် လက်နက်တိုက်ကို မွန်သထုံ အထူးကာကွယ်ရေးအဖွဲ့ (MTHSF) နှင့် KNLA တပ်မဟာ(၁)တို့ ပူးပေါင်း တိုက်ခိုက်ခဲ့သည်။ သြဂုတ် ၂၃ ရက်နေ့ကလည်း အဆိုပါ အမြှောက်တပ်အတွင်းသို့ လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly