အိန္ဒိယက ဦးဆောင်ကျင်းပခဲ့သည့် ဆွေးနွေးပွဲ၌ တောင်းဆိုမှု အားလုံးကို ဆောင်ရွက်ပြီးဖြစ်ကြောင်း တာလီဘန်အစိုးရ ပြောကြား

By Tolo News
22 November 2021
အိန္ဒိယက ဦးဆောင်ကျင်းပခဲ့သည့် ဆွေးနွေးပွဲ၌ တောင်းဆိုမှု အားလုံးကို ဆောင်ရွက်ပြီးဖြစ်ကြောင်း တာလီဘန်အစိုးရ ပြောကြား

အိန္ဒိယအစိုးရက ဦးဆောင်ကျင်းပခဲ့သည့် ဆွေးနွေးပွဲ၌ တောင်းဆိုချက်အားလုံးကို ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း အာဖဂန်စ္စတန်ရှိ တာလီဘန်တို့၏ အစ္စလာမ္မစ်စော်ဘွားအစိုးရက တုံ့ပြန်ပြောကြားလိုက်သည်။

“အိန္ဒိယရဲ့ အစည်းအဝေးကို အစ္စလာမ္မစ် စော်ဘွားနိုင်ငံအစိုးရက ကြိုဆိုပါတယ်။ အုပ်ချုပ်မှုပိုင်းမှာ ခိုင်မာတဲ့ ခြေလှမ်းတွေ ဆောင်ရွက်နိုင်ဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံပိုင်နက်ကို အသုံးပြုပြီး တိုက်ခိုက်မှုတွေ ပြုလုပ်မှာကို ကမ္ဘာ့နိုင်ငံတွေအနေနဲ့ မစိုးရိမ်သင့်ပါဘူး” ဟု တာလီဘန်အဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက် ပြောခွင့်ရ အရာရှိအီနာမူလာ ဆာမန်ဂါနီက ပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ရုရှား၊ အီရန်နှင့် ဗဟိုအာရှ ၅ နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကာ အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် အာဖဂန်နစ္စတန်အား အသုံးပြု၍ အခြားနိုင်ငံအား တိုက်ခိုက်ခြင်း မဖြစ်ပေါ်စေမည့် အားလုံးပါဝင်သော အစိုးရတစ်ရပ် ဖွဲ့စည်းရေးကို တောင်းဆိုခဲ့ကြသည်။

“ကမ္ဘာ့နိုင်ငံတွေက ဆွေးနွေးညှိနှိုင်းပြီး သူတို့ရဲ့ ဆန္ဒတွေကို တာလီဘန်တွေကို ပြောကြားခြင်းဖြစ်ပြီး အစည်းအဝေးက အာဖဂန်နစ္စတန်အတွက် ရလဒ်ကောင်းတွေ ဖြစ်ပေါ်စေပါတယ်” ဟု နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးဖြစ်သည့် ဆာယက်ဟာရွန်ဟာရှီမီက ပြောကြားသည်။

အဆိုပါ အစည်းအဝေးများသည် တည်ငြိမ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးရေးတို့အတွက် အကျိုးရှိနိုင်ကြောင်း နိုင်ငံရေး ကျွမ်းကျင်သူအချို့က ပြောကြားသည်။

“အိန္ဒိယက အာဖဂန်နစ္စတန်ကို အကူအညီပေးနေတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်သလို အာဖဂန်နစ္စတန်နိုင်ငံကို ပံ့ပိုးပေးဖို့ စိတ်ဝင်စားလာတာကြောင့် ဒီအစည်းအဝေးဟာ အာဖဂန်နစ္စတန်အတွက် အကျိုးရှိပါတယ်” ဟု နို်ငငံတကာ ဆက်ဆံရေးဆိုင်ရာ လေ့လာသုံးသပ်သူ ဆာယက်ဟာကင်ကမယ်က ပြောကြားသည်။

ယင်းအစည်းအဝေးသို့ အစ္စလာမ္မစ်စော်ဘွားများနိုင်ငံတော် အစိုးရအား မဖိတ်ကြားခဲ့သလို တရုတ်နှင့် ပါကစ္စတန်တို့ကလည်း ယင်းအစည်းအဝေးသို့ မတက်ရောက်ခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly