ကိုဗစ်ရောဂါ ကာကွယ်မှု နောက်ဆုံးအဆင့်ကို မပေါ့လျော့ကြရန် အိန္ဒိယ ကျန်းမာရေးဝန်ကြီး ပြောကြား

ကိုဗစ်ရောဂါ ကာကွယ်မှု နောက်ဆုံးအဆင့်ကို မပေါ့လျော့ကြရန် အိန္ဒိယ ကျန်းမာရေးဝန်ကြီး ပြောကြား

ကိုဗစ်-၁၉ ရောဂါ ကာကွယ်မှုသည် အိန္ဒိယနိုင်ငံတွင် နောက်ဆုံးအဆင့်သို့ ရောက်နေပြီဖြစ်သောကြောင့် အပြည့်အဝ မထိန်းချုပ်နိုင်သေးမီ မပေါ့လျော့ကြရန် အိန္ဒိယကျန်းမာရေး ပြည်ထောင်စုဝန်ကြီး မန်ဆူခါမန်ဒါဝီရက နိုဝင်ဘာ ၁၈ ရက်တွင် သတိပေးပြောကြားကာ ကာကွယ်ဆေးထိုးခြင်းကို ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်ကြရန်နှင့် ဒုတိယအကြိမ် ဆေးထိုးနှံရမည့်သူ ၁၂ ကုဋေအား မပျက်ကွက်စေရန် တိုက်တွန်းလိုက်သည်။

နိုင်ငံအဝှမ်းရှိ အရွယ်ရောက်သူများအားလုံးကိုလည်း ပထမအကြိမ်ကာကွယ်ဆေးထိုးနှံကြရန် သက်ဆိုင်ရာ ပြည်နယ်များနှင့် ပြည်ထောင်စုနယ်မြေများမှ ဝန်ကြီးများကိုလည်း ၎င်းက တိုက်တွန်းခဲ့သည်။

“ကာကွယ်ဆေး ၂ ချောင်းနဲ့ ကိုဗစ်-၁၉ ဆိုင်ရာ သင့်လျော်တဲ့ အနေအထိုင်အမူအကျင့် (CAB) တွေဟာ ဒီရောဂါအတွက် အကောင်းဆုံး အကာအကွယ်တွေပဲ ဖြစ်ပါတယ်။ လုံးဝလျှော့ချပစ်ဖို့ မသင့်ပါဘူး” ဟု ၎င်းက ဒေသဆိုင်ရာ ဝန်ကြီးများနှင့် အွန်လိုင်းမှ ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

အိန္ဒိယတွင် ကာကွယ်ဆေး ၁ ကြိမ်ထိုးပြီးသည့် အရွယ်ရောက်သူ ၇၉ ရာခိုင်နှုန်းနှင့် ၂ ကြိမ် ထိုးပြီးသူ ၃၈ ရာခိုင်နှုန်း ရှိသည်။

“ကာကွယ်ဆေးထိုးအစီအစဉ်မှာ ဘယ်သူမှ မကျန်ရစ်အောင် စုပေါင်း ဆောင်ရွက်ကြဖို့ လိုပါတယ်။ နိုင်ငံရဲ့နေရာတိုင်းနဲ့ မိသားစုတိုင်း ဆေးထိုးနိုင်ရပါမယ်။ ဝန်ကြီးချုပ် နာရင်ဒရာမိုဒီရဲ့ ကာကွယ်ဆေးထိုး လှုပ်ရှားမှု အစီအစဉ်အရ ၂ကြိမ် ဆေးထိုးဖို့ ပြည်သူတွေကို တိုက်တွန်းရပါယ်” ဟု ကျန်းမာရေးဝန်ကြီးက ပြောကြားသည်။

ကာကွယ်ဆေးသည် ရောဂါပြင်းထန်မှုကို လျှော့ချပေးနိုင်သော်လည်း ကိုဗစ်ရောဂါနှင့် သင့်လျော်သည့် အနေအထိုင်အမူအကျင့်များကို လိုက်နာခြင်းသည် ပိုမိုအရေးကြီးကြောင်းနှင့် ကိုဗစ်-၁၉ ပြန်လည်မြင့်တက်မလာစေရန် စုပေါင်းဆောင်ရွက်ကြရမည်ဟုလည်း ၎င်းက သတိပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly