စစ်ကောင်စီ၏ ဆိုင်ကယ်စီးနင်းခြင်းဆိုင်ရာ မတရား အမိန့် မန္တလေးလူထု၏ ထမင်းအိုးကို ရိုက်ခွဲခြင်းဖြစ်ဟု မြို့ခံများပြော

စစ်ကောင်စီ၏ ဆိုင်ကယ်စီးနင်းခြင်းဆိုင်ရာ မတရား အမိန့် မန္တလေးလူထု၏ ထမင်းအိုးကို ရိုက်ခွဲခြင်းဖြစ်ဟု မြို့ခံများပြော

နိုဝင်ဘာ ၂၂

ဆိုင်ကယ် အဓိကထား အသုံးပြုသည့် မန္တလေးမြို့တွင် ဆိုင်ကယ်နှင့် ပတ်သက်သည့် တရားမဲ့ အမိန့် ထုတ်ပြန်ခြင်းသည် မြို့လူထု၏ ထမင်းအိုးကို ရိုက်ခွဲခြင်း ဖြစ်သည်ဟု မြို့ခံများက ပြောသည်။

“တို့ မန္တလေး ဆိုတာက ဆိုင်ကယ် အဓိကထား သွားလာကြတဲ့မြို့ပါ။ နေထိုင်မကောင်းဖြစ်လည်း ဆိုင်ကယ်နဲ့ပဲ။ စျေးသွားလည်း ဆိုင်ကယ်နဲ့ပဲ။ ဆိုလိုတာက ဆိုင်ကယ်နဲ့ ကင်းလို့ကို မရတာ။ နောက်ပြီးတော့ ဆိုင်ကယ်ကယ်ရီသမားတွေ။ အခု စစ်တပ်က မတရားသဖြင့် အမိန့်တွေထုတ်ပြီး လုပ်နေတာကြောင့် ဘယ်လောက်တောင် ခက်ခဲလိုက်ကြမလဲ။ စစ်တပ်ဟာ ပြည်သူရဲ့ ထမင်းလုပ်ကို ပုတ်ထုတ်ရုံ မကတော့ဘူး။ ဝမ်းဗိုက်ပါ ဖောက်ခွဲနေပြီ။ ဆိုင်ကယ်တွေကို တရားမဲ့ တင်းကျပ်တာဟာ ပြည်သူ့ ထမင်းအိုး ရိုက်ခွဲတာပဲ” ဟု မြို့ခံ စာရေးဆရာကြီး တစ်ဦးက ပြောသည်။

အာဏာသိမ်း စစ်ကောင်စီသည် ဆိုင်ကယ်အသုံးပြုခြင်းဆိုင်ရာ ဒေသန္တရ အမိန့်ဟု ဆိုကာ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၀ ရက်နေ့မှ စ၍ တင်းကျပ်သည့် ကန့်သတ်မှုများ ပြုလုပ်ခဲ့သည်။

ထုတ်ပြန်ချက်တွင် ဆိုင်ကယ်စီးလျှင် အမျိုးသားနှစ်ယောက်တွဲ မစီးရန်၊ အမျိုးသမီး၏ အနောက်တွင် အမျိုးသား လိုက်ပါစီးနင်းခြင်း မပြုရန်နှင့် မလိုက်နာလျင် တည်ဆဲ ဥပဒေဖြင့် အရေးယူမည် ဟုဖော်ပြထားသည်။

“ဆိုင်ကယ် တားတယ်။ ကိုယ့်မှာက အားလုံး ပြည့်ပြည့်စုံစုံ ရှိပြီးသားမို့လို့ အေးဆေးပဲပေါ့။ ဘယ်ဟုတ်မလဲ။ Mask တပ်လို့ ဆိုပြီး ရစ်လိုက်တာဗျာ။ ဆိုင်ကယ်စီးရင် Mask မတပ်နဲ့တဲ့။ ဟုတ်ကဲ့ပါ ဆိုပြီး ပြီးပြီမှတ်တာ။ ဒဏ်ငွေရိုက်ခံရတယ် သုံးသောင်း။ အသိမိတ်ဆွေ တစ်ယောက်လည်း ဆေးခန်းပို့တာ ကျားနှစ်ယောက် စီးလို့တဲ့ ဒဏ်ငွေသုံးသောင်း ရိုက်ခံရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အမိန့် ထုတ်ပြန်ချက်တွင် နိုဝင်ဘာ ၁၃ ရက်နေ့မှ ၁၉ ရက်အထိ ပညာပေးကာလဖြင့် ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း ပါရှိသော်လည်း ပညာပေးကာလ တကယ်မရှိခဲ့ဟု မြို့ခံများက ပြောသည်။

မန္တလေးမြို့တွင် ဆိုင်ကယ် အသုံးပြုသူများအား နိုဝင်ဘာ ၂၀ ရက်မှစ၍ ဒေသန္တရ အမိန့်ဖြင့် ဖမ်းဆီး ဒဏ်ရိုက်မှု ပြုလုပ်နေသည့် အထဲတွင် ယာဉ်ထိန်းရဲ၊ စည်ပင်ရဲ၊ မီးသတ်တပ်ဖွဲ့၊ မြို့နယ် စီမံခန့်ခွဲရေးနှင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဝန်ထမ်းများ ပါဝင်သည်ဟု မြို့ခံများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly