ပါကစ္စတန်၏ ဆင်းန်ပြည်နယ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်နေ

ပါကစ္စတန်၏ ဆင်းန်ပြည်နယ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်နေ

ပါကစ္စတန်နိုင်ငံ ဆင်းန်ပြည်နယ်တွင် ယခုအခါ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုနှုန်း တစ်ဟုန်ထိုး မြင့်တက်မှုကို ရင်ဆိုင်နေရပြီး ယင်းပြည်နယ်တွင် နိုဝင်ဘာလ၏ ပထမ ၁၅ ရက်အတွင်း သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူသစ် ၈၀၅ ဦး ရှိကြောင်း ပြည်တွင်း မီဒီယာတစ်ခုက ဖော်ပြသည်။

ကရာချိမြို့တွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၅၀၇ ဦးဖြင့် ဆင်းန်ပြည်နယ်အတွင်း ဇယားထိပ်တွင် ရှိနေကြောင်း သိရသည်။ ယင်းမြို့၏ အလယ်ပိုင်းအရပ်ဒေသတွင် ရောဂါဖြစ်ပွားသူ ၁၄၆ ဦးဖြင့် အရေအတွက် အများဆုံး ရှိနေကြောင်း ကျန်းမာရေးဌာနကို ကိုးကားပြီး ARY News က ဖော်ပြသည်။

ခြင်မှတဆင့် ကူးစက်တတ်သည့် ရောဂါ ဖြစ်သလို အရိုးကွဲဖျား (breakbone fever) ဟုလည်း လူသိများသည့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၁၃၄ ဦးနှင့်အတူ ကရာချိ၏ အရှေ့ဘက်အရပ်ဒေသသည် ဒုတိယနေရာကနေ ရှိနေပြီး ယင်းနောက်တွင် ရောဂါဖြစ်ပွားသူ ၁၂၄ ဦးဖြင့် ကိုရန်ဂီက တတိယနေရာတွင် ရှိနေသည်။

တချိန်တည်းမှာပင် ပန်ဂျပ်ဘ်ပြည်နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုအရေအတွက် လျော့ကျထားခဲ့ပြီး ယင်းပြည်နယ်တွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ခြင်ကြောင့် ဖြစ်သည့် သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ် ကူးစက်ခံရမှုဖြစ်စဥ်သစ် ၁၀၃ ခု ရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင် ယင်းပြည်နယ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၂၁,၅၀၇ ဦး ရှိနေပြီး ယင်းတို့အနက် ၁၅,၇၃၂ ဦးသည် လာဟိုးမြို့ တစ်မြို့တည်းမှာတွင် ဖြစ်ပွားခြင်းဖြစ်ကြောင်း ပန်ဂျပ်ဘ်ပြည်နယ် ကျန်းမာရေးအတွင်းဝန်ထံမှ သိရသည်။

ထို့ပြင် အဆိုပါ ဗိုင်းရပ်စ် ကူးစက်မှုကို ရင်ဆိုင်ရင်း လူပေါင်း ၉၃ ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း ARY News က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly