ပါရီတိုက်ခိုက်မှုကို ကြိုးကိုင်ခဲ့သူဟု ယူဆရသည့် IS ခေါင်းဆောင်ကို သတ်နိုင်ခဲ့ဟု ဆို

ပါရီတိုက်ခိုက်မှုကို ကြိုးကိုင်ခဲ့သူဟု ယူဆရသည့် IS ခေါင်းဆောင်ကို သတ်နိုင်ခဲ့ဟု ဆို

ဝါရှင်တန်၊ ဒီဇင်ဘာ - ၃၀ ။            ။ ယခုလ ဆီးရီးယားနှင့် အီရတ်တွင် အသတ်ခံခဲ့ရသည့် အိုင်အက်စ်အုပ်စု၏ ထိပ်တန်းခေါင်းဆောင် ၁၀ယောက်ထဲတွင် ပါရီတိုက်ခိုက်မှုများနှင့် တိုက်ရိုက် ဆက်နွယ်နေသည့် ခေါင်းဆောင်တစ်ယောက်လည်း ပါဝင်နေကြောင်း ပင်တဂွန်က ဒီဇင်ဘာ ၂၉ရက်နေ့က ပြောကြားခဲ့သည်။

ယမန်နှစ်က အီရတ်နှင့် ဆီးရီးယား၏ ကြီးမားသော အစိတ်အပိုင်းကို သိမ်းပိုက်ထားခဲ့သည့် အိုင်အက်စ်အကြမ်းဖက်အုပ်စုမှာ ယခုရက်သတ္တပတ် အီရတ်တွင် ရာမာဒီကို ဆုံးရှုံးရမှုအပါဝင် မကြာသေးမီ ကာလများတွင် သိသိသာသာ ဆုတ်ခွာပေးလာရသောကြောင့် ညွှန့်ပေါင်းတပ်ဖွဲ့၏ တိုက်ခိုက်မှုများက စစ်သွေးကြွအုပ်စုကို အင်အားချိနဲ့သွားစေခဲ့သည်ဟု အမေရိကန်စစ်တပ်က ပြောကြားခဲ့သည်။

ဒီဇင်ဘာ၂၄ရက်နေ့က အမေရိကန်ခေါင်းဆောင်သည့် ညွှန့်ပေါင်း လေကြောင်းတိုက်ခိုက်မှုတွင် ပြင်သစ်နိုင်ငံသား ချာရက်ဖီ အယ် မိုဒန်ကို သတ်ဖြတ်နိုင်ခဲ့ကြောင်း ဘဂ္ဂဒက်အခြေစိုက် အမေရိကန် စစ်တပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စတိဗ် ဝါရင်းက သတင်းထောက်များကို ပြောကြားခဲ့သည်။ အခြားသော အနောက်နိုင်ငံများအား တိုက်ခိုက်မှုများကိုလည်း မိုဒန်က ကြိုးကိုင်စီစဉ်နေခဲ့ကြောင်း ဝါရင်းက ပြောကြားသော်လည်း အသေးစိတ်အချက်အလက်များကိုမူ ဖွင့်ဟခြင်းမရှိခဲ့ပေ။

‘သူဟာ ဆီးရီးယားအခြေစိုက် အိုင်အက်စ်အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး ပါရီတိုက်ခိုက်မှုများရဲ့ ဆဲလ်ခေါင်းဆောင် အဗ္ဗဒဲဟာမစ် အက်ဘောက်နဲ့ တိုက်ရိုက်အဆက်သွယ်ရှိနေတယ်’ဟု ဝါရင်းက ပြောကြားခဲ့သည်။

ပြင်သစ်မြို့တော်တစ်လွှား အသေခံဗုံးခွဲတိုက်ခိုက်မှုများနှင့် ပစ်ခတ်မှုများကြောင့် လူ ၁၃၀ သေဆုံးခဲ့ရပြီး ရာပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည့် နိုဝင်ဘာ ၁၃ရက် တိုက်ခိုက်မှုများအပြီး ၅ရက်အကြာတွင် ပါရီမြောက်ပိုင်းကို ရဲက ဝင်ရောက်စီးနင်းရာတွင် အက်ဘောက်မှာ အသတ်ခံခဲ့ရသည်။

သို့ရာတွင် အမည်မဖော်လိုသူ ပြင်သစ် ဥပဒေစိုးမိုးရေးအရာရှိတစ်ဦးကမူ ပါရီတိုက်ခိုက်မှုများတွင် မိုဒန်ပါဝင်ပတ်သက်နေသည့် ခိုင်လုံသည့် အထောက်အထား မတွေ့ရသေးကြောင်း အေအက်ဖ်ပီ သို့ပြောကြားခဲ့သည်။ မိုဒန်မှာ ဘာတာကလန်ဂီတဖျော်ဖြေပွဲကို တိုက်ခိုက်ခဲ့သည့် အသေခံဗုံးခွဲသမား စမိုင်း အမီမော်နှင့်မူ နီးစပ်သည်ဟု အဆိုပါအရာရှိက ပြောကြားသည်။   

မိုဒန်(၂၆နှစ်)မှာ မိုရိုကိုဖွားမိဘများ၏ သားတစ်ယောက်ဖြစ်ပြီး မွေးချင်း၈ယောက်အနက် အယ်ဆုံးဖြစ်သည်ဟု ဆိုသည်။ ပါရီဆင်ခြေဖုံးရပ်တွင် ကြီးပြင်းလာခဲ့ပြီး ၂၀၁၂ခုနှစ် အောက်တိုဘာလတွင် အမီမော်၊ စမီရာ ဘောင်ဘောက်တို့နှင့်အတူ ယီမင် (သို့မဟုတ်) အာဖဂန်နစ္စတန်သို့ ထွက်ခွာရန် ပြင်ဆင်နေစဉ်တွင် အဖမ်းဆီးခံခဲ့ရသည်ဟု ဆိုသည်။

ထိုစဉ်က ရာဇဝတ်မှုစွဲချက်များကို ရင်ဆိုင်ခဲ့ရသော်လည်း သူတို့ကို လွှွှတ်ပေးခဲ့ရာ တစ်နှစ်အတွင်းတွင် ဆီးရီးယားသို့ ထွက်ခွာသွားခဲ့ကြသည်ဟု ဆိုသည်။

ဘာတာကလန်မှ မျက်မြင်သက်သေတစ်ဦး၏ ပြောကြားချက်အရ တိုက်ခိုက်သူများအနက်မှ တစ်ဦးက သူ့အဖော်အား ဆိုးလေးမိန်းကို ခေါ်လိုက်ရမလားဟု လှမ်းမေးနေသံကို ကြားခဲ့ရသည်ဟု ဆိုသည်။ ဆိုးလေးမိန်းမှာ လူမှုကွန်ရက် တွစ်တာနှင့် ဆီးရီးယားတွင် မိုဒန်အသုံးပြုသည့် နာမည်ဖြစ်သည်။ သို့ရာတွင် ဆိုးလေးမိန်းမှာ ဘုံဆိုင်နာမည်ဖြစ်သောကြောင့် တိုက်ခိုက်သူများက မိုဒန်ကို ရည်ညွှန်းသလား ဆိုသည်ကို ပြင်သစ် ထောက်လှမ်းရေးများအနေဖြင့် တပ်အပ်မပြောနိုင်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags