ဖိအားများရှိသော်လည်း အီတလီတွင် အစိုးရဆန့်ကျင်သူ ပန်းချီဆရာက ပြပွဲ ဖွင့်လှစ်

By DW
22 November 2021
ဖိအားများရှိသော်လည်း အီတလီတွင် အစိုးရဆန့်ကျင်သူ ပန်းချီဆရာက ပြပွဲ ဖွင့်လှစ်

တရုတ်အတိုက်အခံပန်းချီအနုပညာရှင် ဘာဒီယူချောင်သည် ၎င်း၏ ပထမဆုံး တစ်ကိုယ်တော် ပန်းချီအနုပညာပြပွဲကို အီတလီမြောက်ပိုင်း ဘရက်ရှာမြို့တွင် နိုဝင်ဘာ ၉ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး တရုတ်နိုင်ငံ၏ လူ့အခွင့်အရေး မှတ်တမ်းကို ဝေဖန်သော လက်ရာများ ပါဝင်ခဲ့သည်။

တရုတ်အာဏာပိုင်များက အဆိုပါပွဲ အစီအစဉ်ဖျက်သိမ်းရေးအတွက် မြို့တော်အုပ်ချုပ်ရေးအဖွဲ့ကို ဖိအားပေးရန် ကြိုးစားခဲ့သော်လည်း ပွဲစီစဉ်သူများက “လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထောက်ခံရန်” ပြပွဲအား Santa Giulia ပြတိုက်တွင် ကျင်းပခဲ့ကြသည်။

“ကျွန်တော့်ရဲ့အနုပညာက တရုတ်နိုင်ငံမှာ လူ့အခွင့်အရေးကိစ္စတွေကို အမြဲအသားပေးတာကြောင့် အဲဒါက ကျွန်တော့်ကို သူတို့ရဲ့ နံပါတ် ၁ ရန်သူ ဖြစ်စေခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော့်အတွက်ကတော့ ဒီလိုပြတိုက်က အနုပညာပြခန်းတစ်ခုမှာ ပြပွဲတစ်ခုလုပ်ဖို့ဆိုတာ တကယ်ကို ခက်ခဲပါတယ်” ဟု ဘာဒီယူချောင်က သတင်းထောက်များကို ပြောသည်။

တရုတ်အစိုးရအတွက် ပိုမိုမကျေနပ်ဖြစ်စေသည့် လက်ရာများထဲမှ တစ်ခုမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်းတို့ နှစ်ဦးကို ပေါင်းစပ်ထားသောပုံဖြစ်ပြီး ဗြိတိသျှ ကိုလိုနီဟောင်းတွင် အခွင့်အရေးများ ကျဆင်းလာမှုကို မီးမောင်းထိုးပြထားသည်။

ပန်းချီဆရာက သူ့ကိုယ်ပိုင်သွေးဖြင့် ဖန်တီးထားသော နာရီပန်းချီကားပေါင်း ၆၄ ချပ်လည်း ပါဝင်သည်။ အဆိုပါ လက်ရာသည် ၁၉၈၉ ခုနှစ် ရက်စက်ကြမ်းကြုတ်သော တီယန်နန်မင် ရင်ပြင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွင် ပါဝင်ခဲ့သည့် တရုတ်စစ်သားများအား ပေးအပ်သည့် နာရီများကို ရည်ညွှန်းခြင်းဖြစ်သည်။

ပြပွဲတွင် လှုပ်ကုလားထိုင်အဖြစ် ပုံဖော်ထားသည့် ညှဉ်းပန်းနှိပ်စက်သည့် ပစ္စည်းလည်းပါဝင်သည်။ ပြပွဲ၏ ပထမရက်အနည်းငယ် ၌ ဘာဒီယူချောင်သည် အဆိုပါထိုင်ခုံတွင်ထိုင်ပြီး ဝူဟန်မြို့ခံတစ်ဦးမှပေးပို့သော ဒိုင်ယာရီစာအုပ်ကို ဖတ်ပြမည်ဖြစ်သည်။ ၎င်းစာအုပ်၌ ကိုရိုနာဗိုင်းရပ်ကပ်ရောဂါ၏ အစောပိုင်းအဆင့်များမှ ရက်ပေါင်း ၁၀၀ အတွင်း မှတ်တမ်းများကို အသေးစိတ်ဖော်ပြသည်။

“လိမ်ညာမှုတွေကို ဖော်ထုတ်ဖို့၊ တရုတ်အစိုးရရဲ့ ပြဿနာတွေကို ဖော်ထုတ်ဖို့နဲ့ တရုတ်အစိုးရကို ဝေဖန်ဖို့ ကျွန်တော့်ရဲ့ အနုပညာကို အသုံးပြုချင်ပါတယ်” ဟု ၎င်းက ဆိုသည်။ ဘာဒီယူချောင်၏ရှိုးပွဲကို ဖေဖော်ဝါရီ ၁၃ ရက်အထိ ဘရက်ရှာမြို့တွင် ပြသထားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly