ဖမ်းဆီးခံရသူ အမျိုးသမီး သတင်းထောက် မိသားစုဝင်များနှင့် တွေ့ခွင့်မရသေး

By သတင်းနှင့် မီဒီယာ ကွန်ရက်။
22 November 2021
ဖမ်းဆီးခံရသူ အမျိုးသမီး သတင်းထောက် မိသားစုဝင်များနှင့် တွေ့ခွင့်မရသေး

၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်။

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်က အမျိုး သမီးသတင်းထောက်တစ်ဦး စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရိုက်နှက် ဖမ်းဆီးသွားပြီး သုံးရက် ကြာလာသည် အထိ မိသားစုဝင်များနှင့် တွေ့ခွင့်မရသေးဘူးဟု သိရသည်။

အင်းတော်မြို့နယ် နဘားကျေးရွာက အလွတ်တန်းသတင်းထောက် ဒေါ်ယဉ်ယဉ်သိန်းသည် နိုဝင်ဘာလ ၁၈ ရက်နေ့က ဖမ်းဆီးခံလိုက်ခြင်း ဖြစ်ပြီး ယနေ့အချိန်ထိ မိသားစုဝင်များနှင့် တွေ့ခွင့်မရသေးဘူးဟု ၎င်းနှင့် ဆွေမျိုးနီးစပ်တော်သူ တစ်ဦးက ပြောသည်။

ဆွေမျိုးတော်သူတစ်ဦးက "လာဖမ်းတုန်းက ခြံတံခါးတွန်းပြီးဝင်လာတယ်။ ဒေါ်ယဉ်သိန်းကို အိမ်အောက်ကို ဆွဲချ ပြီး ရိုက်နှက် ကန်ကြောက်ပြီး ဖုန်းဘယ်မှာလဲ ကောင်မ။ မင်းတင်တာတွေ မင်းအသိဆုံးဘဲ မင်းတင်တာ တွေလည်း ငါမြင်တယ်လို့ ပြောဆို နေသံတွေကို ကြားခဲ့ရတယ်" ဟု ပြောဆိုကာ ဖမ်းသွားခြင်းဖြစ်သည်ဟု ပြောသည်။

နိုဝင်ဘာလ ၁၈ ရက်နေ့၊ ည ၁၀ နာရီကျော် အချိန်ခန့်တွင် စစ်ယူနီဖောင်းနှင့် ရဲယူနီဖောင်းဝတ်ဆင်ထားသည့် သေ နတ်များ ကိုင်ဆောင်ထားသူ လူအင်အား ၃၀ ခန့်က ဒေါ်ယဉ်ယဉ်သိန်းကို ဖမ်းဆီးခြင်းဖြစ်ကြောင်း နေအိမ်ရှိ ဆိုင် ကယ်၊ ဖုန်း၊ Laptop ကွန်ပျူတာ၊ ဗွီဒီယို ကင်မရာ ထရိုင်ပေါ့များကိုပါ ယူဆောင်သွားကြသည်ဟု ဆွေမျိုးတော် စပ်သူက ဆက်ပြောသည်။

အလွတ်တန်းသတင်းထောက် ဒေါ်ယဉ်ယဉ်သိန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးစဉ် မိသားစုဝင်များပါ ရိုက်နှက်ခံခဲ့ရသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာန အနေဖြင့် သီးခြား မတည်ပြု၍ မရသေးပါ။

နိုဝင်ဘာလ ၁၃ ရက်နေ့က နဘားရဲကင်းဝင်စီးခံရသည့် ဗီဒီယိုဖိုင်တစ်ခုကို ဒေါ်ယဉ်သိန်း၏ လူမှုကွန်ရက် စာမျက်နှာတွင် တင်ခဲ့သည့်အတွက် ယခုကဲ့သို့လာရောက်ဖမ်းဆီးခြင်းဖြစ်နိုင်သည်ဟု နဘားဒေသခံများ အကြား ဝေဖန် ပြောဆိုနေကြသည်။

ဒေါ်ယဉ်ယဉ်သိန်းကို မည်သည့်နေရာသို့ ခေါ်ဆောင်ဖမ်းဆီးသွားသည်ကိုလည်း အတိအကျမသိရှိရသေးဘဲ အနွေးထည်နှင့် စားစရာများသွားရောက် ပို့ဆောင်ရာတွင် အင်းတော် ရဲစခန်းဂိတ်ဝက လက်ခံယူပေးထားသည် ဟု ဆိုသည်။

ဒေါ်ယဉ်ယဉ်သိန်းသည် လျှပ်တပျက်ဂျာနယ်၊ မော်နီတာသတင်းဂျယ်နယ်များသို့ ဒေသတွင်း သတင်းများ အလွတ်တန်း ပေးပို့နေသူဖြစ်ပြီး မြန်မာနိုင်ငံ သတင်းစာဆရာအသင်း MJA အဖွဲ့ဝင် တစ်ဦးဖြစ်သည်။

လက်ရှိ စစ်ကောင်စီ၏ ဖမ်းဆီးထားရသည့်သတင်းသမား ၃၈ ဦး ခန့်ကျန်ရှိသေးပြီး အများစုကို နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ မတရားအသင်းဆက်သွယ်မှု၊ သတင်းမှား ထုတ်လွင့်မှု၊ စစ်ကောင်စီတပ်ကို အများပြည်သူ အထင်မြင်မှားအောင် သတင်းရေးသားတင်ဆက်မှု၊ အကြမ်းဖက် ဥပဒေ နှင့် နိုင်ငံ့ဝန်ထမ်းများကို CDM လုပ်ရန် သွေးဆောင်သည့် ကိစ္စရပ်အပြင် ပုဒ်မ ၅၀၅-က စသည့်တို့ဖြင့်လည်း တရားစွဲဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required