ဂျီ ၇-အာဆီယံ ဝန်ကြီးများအဆင့် အစည်းအဝေး ယူကေက အိမ်ရှင်အဖြစ် ကျင်းပမည်

ဂျီ ၇-အာဆီယံ ဝန်ကြီးများအဆင့် အစည်းအဝေး ယူကေက အိမ်ရှင်အဖြစ် ကျင်းပမည်

နိုဝင်ဘာ ၂၂

ကမ္ဘာ့စီးပွားရေးအင်အားကြီး ၇ နိုင်ငံအုပ်စု (ဂျီ ၇) နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) တို့မှ နိုင်ငံခြားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးကို ဒီဇင်ဘာ ၁၀ ကနေ ၁၂ ရက်အထိ လီဗာပူးမြို့တွင် လက်ခံကျင်းပမည် ဖြစ်ကြောင်း ဗြိတိန်က နိုဝင်ဘာ ၂၂ ရက်တွင် ပြောကြားလိုက်သည်။

ထို အစည်းအဝေးတွင် COVID-19 အလွန် စီးပွားရေးဆိုင်ရာ ဒဏ်ခံ ကျော်လွှားနိုင်မှု၊ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးနှင့် လူ့အခွင့်အရေး တို့အပါအဝင် ကိစ္စရပ်များနှင့်ပတ်သက်ပြီး ဆွေးနွေးသွားမည် ဖြစ်သည်ဟု ယူကေ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်သည်။

ထို အစည်းအဝေးတက်ရောက်လာမည့် ဝန်ကြီးများထဲတွင် မလေးရှား၊ ထိုင်းနှင့် အင်ဒိုနီးရှားတို့မှ ဝန်ကြီးများ ပါဝင်မည် ဖြစ်ကြောင်း ယင်းက ပြောခဲ့ပြီး အဆိုပါ အစည်းအဝေးသည် ဂျီ ၇ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတစ်ခုတွင် အာဆီယံနိုင်ငံများကို ပထမဆုံးအကြိမ် ထည့်သွင်းခြင်း ဖြစ်ကြောင်းနှင့် ယင်းက "ယူကေဘက်က အင်ဒို-ပစိဖိတ်ဒေသအပေါ် ပို၍ တိမ်းစောင်း အာရုံစိုက်လာနေမှု" ကို ထင်ဟပ်ပြသနေကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

"ကမ္ဘာတဝန်းမှာ စီးပွားရေး၊ နည်းပညာနဲ့ လုံခြုံရေးဆိုင်ရာ ဆက်ဆံပတ်သက်မှုတွေကို ပိုမို နီးကပ်အောင် ကျွန်မတို့ ဘယ်လို တည်ဆောက်ကြမလဲ ဆိုတာနဲ့ ဗြိတိန်ပြည်သူတွေအတွက် ဘယ်လို ဆောင်ကြဉ်းပေးနိုင်မလဲ ဆိုတာကို ဆွေးနွေးဖို့ ကျွန်မတို့ရဲ့ မိတ်ဆွေတွေ၊ မိတ်ဖက်တွေကို အိမ်ရှင်အဖြစ် လက်ခံစည်းဝေးသွားမှာ ဖြစ်ပါတယ်" ဟု ယူကေ နိုင်ငံခြားရေးဝန်ကြီး လစ်ဇ် ထရပ်စ်က ပြောသည်။

"စိတ်တူကိုယ်တူ နိုင်ငံတွေ အတူတကွ အင်ပြည့်အားပြည့်နဲ့ လုပ်ဆောင်သွားနိုင်အောင် အားပေးနိုင်ပြီး လွတ်လပ်ခွင့်၊ ဒီမိုကရေစီ နဲ့ တီထွင်ကြံဆမှု တို့ကို ရှေ့ကို တိုးတက်စေမယ့် ကမ္ဘာလုံးဆိုင်ရာ လွတ်လပ်မှု ကွန်ရက်တစ်ခုကို ကျွန်မတို့ တည်ဆောက်သွားချင်ပါတယ်" ဟု ၎င်းက ပြောသည်။

နိုဝင်ဘာ ၂၂ ရက် ယူကေ နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် မြန်မာနှင့်ပတ်သက်ပြီး တစုံတရာ ထည့်သွင်း ဖော်ပြခဲ့ခြင်း မရှိပေ။ သို့သော် စက်တင်ဘာ ၂၁ ရက်က ယူကေ နိုင်ငံခြားရေး၊ ဓနသဟာယ နှင့် ဖွံ့ဖြိုးတိုးတက်ရေးရုံးမှ အငယ်တန်းဝန်ကြီး အမန်ဒါ မီလင်းက ပြောကြားခဲ့ရာတွင် ဂျီ ၇-အာဆီယံ အစည်းအဝေးတွင် မြန်မာစစ်ကောင်စီကို ဖိတ်မည်မဟုတ်ဟု ပြောခဲ့သည်။

"မြန်မာ စစ်ကောင်စီကို အစည်းအဝေးမှာ လူကိုယ်တိုင် တက်ဖို့ ဖိတ်မှာ မဟုတ်ဘူးဆိုတာကို ယူကေဘက်က ရှင်းရှင်းလင်းလင်း ထုတ်ဖော်ထားပါတယ်" ဟု သူမက ပြောသည်။ အောက်တိုဘာလက အာဆီယံထိပ်သီးအစည်းအဝေးတွင် မြန်မာစစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မဖိတ်သည့် အာဆီယံ၏ ဆုံးဖြတ်ချက်ကို သူမက မှတ်ချက်ပြုခဲ့သည်။

"မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာ၊ ပြည်သူတွေအပေါ် အကြမ်းဖက်တာ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် အပါအဝင် အရပ်သားအစိုးရနဲ့ လူ့အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တွေ ထိန်းသိမ်းခံထားရတာ တို့အပေါ် ယူကေအစိုးရဘက်က အပြင်းအထန် ရှုတ်ချပါတယ်" ဟု သူမက ထပ်လောင်းပြောထားခဲ့သည်။

"ယူကေ အနေနဲ့ မြန်မာ အကျပ်အတည်း အဆုံးသတ်စေဖို့အတွက် အာဆီယံနဲ့အကြား တူညီတဲ့ ရည်မှန်းချက်တစ်ခုနဲ့အတူ နီးနီးကပ်ကပ် ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်"

ဗြိတိန်သည် ၂၀၂၁ ခုနှစ်တွင် ဂျီ ၇ အုပ်စု၏ အလှည့်ကျ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူနေပြီး ယင်းသည် ယခုလထဲ ဂလက်စ်ဂိုးမြို့၌ COP ရာသီဥတု ထိပ်သီးညီလာခံနှင့် ဇွန်လက ကားဘစ် ပင်လယ်အော်တွင် ဂျီ ၇ ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးကို လက်ခံကျင်းပပေးထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required