အီရတ်မှာ ၁၂ နှစ်အရွယ် မိန်းကလေး အိမ်ထောင်ပြုမှုကို ကန့်ကွက်ဆန္ဒပြမှု ဖြစ်ပွား 

အီရတ်မှာ ၁၂ နှစ်အရွယ် မိန်းကလေး အိမ်ထောင်ပြုမှုကို ကန့်ကွက်ဆန္ဒပြမှု ဖြစ်ပွား 

နိုဝင်ဘာ ၂၂

အီရတ်နိုင်ငံမှာ ၁၂ နှစ်အရွယ် မိန်းကလေးနဲ့ အမျိုးသားတစ်ဦးတို့ရဲ့ ဘာသာရေးထုံးစံအရ အိမ်ထောင်ပြုတာနဲ့ ပတ်သက်လို့ တရားဝင် ဆုံးဖြတ်ပေးမယ့် စစ်ဆေးကြားနာမှုကို တရားရုံးကနေပြီး တနင်္ဂနွေနေ့မှာ ရွှေ့ဆိုင်းလိုက်တယ်လို့ အမှုလိုက် ရှေ့နေတစ်ဦးက ပြောပါတယ်။ 

အဆိုပါ မိန်းကလေးရဲ့ မိခင်ဖြစ်သူဟာ သမီးဖြစ်သူရဲ့ အိမ်ထောင်ပြုမှုကို ကန့်ကွက်ထားတာဖြစ်ပြီး အမှုကြားနာမှုကို ရွှေ့ဆိုင်းကြောင်းကို ကလေးမလေး မိခင်ဖြစ်သူ ငှားရမ်းထားတဲ့ ရှေ့နေက ပြောလာတာပဲ ဖြစ်ပါတယ်။ 

ဘဂ္ဂဒက်က တရားရုံးရဲ့ အပြင်ဖက်မှာတော့ လူ့အခွင့်အရေး လှုပ်ရှားတက်ကြွသူတွေက “အသက်မပြည့်သေးသူတွေနဲ့ အိမ်ထောင်ပြုမှုဟာ ကလေးငယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုပဲ”လို့ဆိုတဲ့ စာတမ်းမျိုးတွေ ကိုင်ဆောင်ဆန္ဒပြကြပါတယ်။ အမှုကို နိုဝင်ဘာ ၂၈ ရက်ဆီ ရွှေ့ဆိုင်းလိုက်တာဖြစ်တယ်လို့ ရှေ့နေ မာဝန် အိုဘိုင်ဒီက အေအက်ဖ်ပီကို ပြောပါတယ်။ 

အီရတ်နိုင်ငံမှာ လက်ထပ်ထိမ်းမြားနိုင်တဲ့ တရားဝင် အသက်က ၁၈ နှစ် ဖြစ်ပေမယ့် မိဘ ဒါမှမဟုတ် တရားရုံးခွင့်ပြုချက်အရ ၁၅ နှစ်လောက် ငယ်တဲ့အရွယ်တွေလည်း အိမ်ထောင်ပြုနိုင်တာ ဖြစ်တယ်လို့ Save the Children အဖွဲ့အရ သိရပါတယ်။ 

“ဘာသာရေးအရ လက်ထပ်ပေါင်းသင်းမှုတွေကို အရပ်ဖက်နဲ့ ဘာသာရေးဆိုင်ရာ တရားရုံးတွေ ပြင်ပမှာ ခွင့်မပြုထားဘူး၊ ဒါပေမဲ့ ဒီလို လက်ထပ်မှုတွေက ပုံမှန်လို ရှိနေပြီး ဒဏ်ကြေးနည်းနည်းပါးပါး ဆောင်လိုက်ရုံနဲ့ တရားရုံးကနေ တရားဝင် ခွင့်ပြုပေးတာမျိုးတွေ ဖြစ်နေတာပါပဲ”လို့ Save the Children ရဲ့ မကြာသေးတဲ့ အစီရင်ခံစာတစ်ရပ်မှာ ဖော်ပြထားပါတယ်။ 

သမီးဖြစ်သူဟာ ‘အဓမ္မ’ ပြုကျင့်ခံရပြီး ဖအေလုပ်တဲ့သူကိုယ်တိုင်က ပြန်ပေးဆွဲထားတာ ဖြစ်တယ်လို့ အမည်ဖော်ဖို့ ငြင်းတဲ့ မိခင်ဖြစ်သူက ပြောပါတယ်။ 

ဒါပေမဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုအရေး ကိုင်တွယ်ဖြေရှင်းရတဲ့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဌာနတစ်ခုက ကလေးမဖြစ်ငသူအစ္စရာ၊ သူ့ ဖခင်နဲ့ သူ့ ခင်ပွန်းတို့နဲ့ တွေ့ဆုံခဲ့ကြောင်း ထုတ်ပြန်ပြောဆိုပါတယ်။ သူတို့ရဲ့ ထိမ်းမြားမှုဟာ ဘာသာရေးဓလေ့နဲ့အညီ သဘောတူ လုပ်ဆောင်ထားကြတာကို မြင်တွေ့ရပြီး ကလေးမလေးကိုလည်း အတင်းအကျပ် စေခိုင်သည့်ပုံ မမြင်ရကြောင်း အဲဒီဌာနရဲ့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။ 

အီရတ်က ရှေးရိုးဆန်ပြီး တောနယ်ပိုင်းကျတဲ့ ဒေသတွေအပြင် အခြား အာရပ်နိုင်ငံတွေမှာ ကလေးသူငယ် လက်ထပ်ထိမ်းမြားမှုတွေ ရှိနေတာပဲ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required