မြိတ်တွင် ဆိုင်ကယ်ကယ်ရီသမားများ အမျိုးသား ခရီးသည်တင်ခွင့်ပြုမည်

By သတင်းနှင့် မီဒီယာ ကွန်ရက်။
21 November 2021
မြိတ်တွင် ဆိုင်ကယ်ကယ်ရီသမားများ အမျိုးသား ခရီးသည်တင်ခွင့်ပြုမည်

၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်။

မြိတ်မြို့တွင် ဆိုင်ကယ် ကယ်ရီသမားများအား အမျိုးသား ခရီးသည် တင်ဆောင် စီးနင်းခွင့် ပေးမည်ဖြစ်ကြောင်း မြိတ်ခရိုင် တက္ကစီ ထိန်းသိမ်းကြီးကြပ်ရေး ဆပ်ကော်မတီ ရုံး တာဝန်ရှိသူက ပြောသည်။

နိုဝင်ဘာလ ၁၅ ရက်နေ့တွင် အမျိုးသား နှစ်ဦး ဆိုင်ကယ်အတူမစီးရန် ထုတ်ပြန်ခဲ့သည့် အမိန့်နှင့် ပတ်သက်၍ အခြေခံ လူတန်းစားများ စားဝတ်နေရေးကို ပြန်လည်ငဲ့ညှာသောအားဖြင့် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ခွင့်ပြုပေးသွားမှာ ဖြစ်သည်ဟု တက္ကစီထိန်းသိမ်းကြီးကြပ်ရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ က ပြောသည်။

တက္ကစီထိန်းသိမ်းကြီးကြပ်ရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက “အခု ၁၈ ရက်နေ့က စစ်ကောင်စီ တာဝန်ရှိသူတွေနဲ့ အုပ်ချုပ်ရေးပိုင်းနဲ့ သက်ဆိုင်ရာ ဌာနတာဝန်ရှိသူတွေ ညှိနှိုင်း ပြီး တရားဝင် ပြေးဆွဲခွင့်ရစေဖို့ ဆုံး ဖြတ်ကြတာပါ” ဟု ပြောသည်။

ထိုပြေးဆွဲခွင့်ကို လျှောက်ထားရာတွင် ရပ်ကွက်ထောက်ခံချက်၊ ရဲစခန်းထောက်ခံချက်၊ နိုင်ငံသားမှတ်ပုံတင် မိတ္တူ A4 ဆိုဒ်၊ ယာဉ်မောင်းလိုင်စင် မိတ္တူ A4 ဆိုဒ်၊ ယာဉ်ဝီးတက် မိတ္တူ A4ဆိုဒ်၊ ဆိုင်ကယ် ရှေ့/နောက်/ဘေး ဓါတ်ပုံ (၃) ပုံ-၆ လက်မဆိုဒ်၊ ယာဉ်လိုင်စင်ဓါတ်ပုံ (၂) ပုံနှင့် အတူ အသင်းဝင်မည့်သူ၏ ကိုယ်ရေးအချက်အလက် ပြည့်စုံအောင်ဖြည့်၍ လျှောက်ထားနိုင်သည်ဟု ဦးခင်မောင်ဝင်း က ပြောသည်။

မြို့သစ်ရပ်နေ ဆိုင်ကယ်တက္ကစီကယ်ရီ အုံနာယူအဌားမောင်းနေသူ အသက်၅၀အရွယ် ဦးစိန်ဝင်းက “အမျိုး သမီးတစ်ဦးပဲ တင်ဆောင်ခွင့်ရတော့ အမျိုးသား ခရီးသည် တင်မရဲခဲ့ဘူး။ အုံနာကြေး၊ ဓါတ်ဆီဈေးနဲ့ ဝမ်းစာ ရေး ရှာဖွေရတာ အရမ်းခက်ကုန်တယ်” ဟု ပြောသည်။

ဆိုင်ကယ် ကယ်ရီဆွဲမည့်သူများသည် မြိတ်မြို့အဝေးပြေးကားဝင်းသစ်ရှိ မြို့နယ်ပုဂ္ဂလိကယာဉ်များ ပြေးဆွဲရေး လုပ်ငန်းကြီးကြပ်ရေးကော်မတီရုံးခန်းတွင် အသင်းဝင်ကြေး ငွေကျပ်တစ်သောင်းပေးသွင်း၍ အသင်းဝင်အဖြစ် နိုဝင်ဘာလ ၂၅ ရက်နေ့ နောက်ဆုံးထားလျှောက်ထားနိုင်သည်။

တက္ကစီထိန်းသိမ်းကြီးကြပ်ရေး ဆပ်ကော်မတီကို ၂၀၁၈ ခုနှစ် ကတည်းက ဌာနဆိုင်ရာအဆင့်ဆင့်ကို တင်ပြပြီး တက္ကစီများ စည်းကမ်းတကျပြေးဆွဲနိုင်အောင် အသင်းသား ၈၁ ဦး ဖြင့် ဖွဲ့စည်းခဲ့ပြီး စည်းထားခြင်းဖြစ်သည်ဟု ကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်း က ပြောသည်။

အချက်အလက် ပြည့်စုံကိုက်ညီသူများကို သတ်မှတ်စည်းကမ်းချက်များနှင့် အညီ ကော်မတီမှ ရပ်ကွက်ကျေးရွာ နယ်မြေအလိုက် တက္ကစီယာဉ်မောင်း ဝတ်စုံအရောင်ဖြင့်ခွဲခြားကာ မောင်းနှင်ခွင့်လည်ဆွဲကဒ်ပြားကိုလည်း ကော်မတီမှ ထုတ်ပေးသွားမည်ဟု ကော်မတီရုံးထံမှ သိရသည်။

မြိတ်အပါအဝင် မြန်မာနိုင်ငံတဝှမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ရုံးများကို ဆိုင်ကယ်များ အသုံး ပြု၍ ဗုံးများ၊ သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခံနေရမှုများကြောင့် ဆိုင်ကယ်စီလျှင် အမျိုးသားနှစ်ယောက် မစီးရန် စစ်ကောင်စီက ဒေသန္တရအမိန့်များ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required