ထိုင်းရောက်မြန်မာများ အန္တရာယ်ကင်းရေး ထိုင်းသံအမတ် နှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးဆွေးနွေး

ထိုင်းရောက်မြန်မာများ အန္တရာယ်ကင်းရေး ထိုင်းသံအမတ် နှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးဆွေးနွေး

ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှု နှင့် ပတ်သက်၍ တရားရုံး၏ ဆုံးဖြတ်ချက်အပေါ် ဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်နေရာ ထိုင်းနိုင်ငံတွင် ရှိနေသည့် မြန်မာများအပေါ် ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှု မရှိစေလိုကြောင်း နှင့် မြန်မာနိုင်ငံသားများ အန္တရာယ်ကင်းရေးအတွက် ထိုင်းနိုင်ငံအစိုးရက ဦးစားပေး ဆောင်ရွက်စေလိုကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် နှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး H.E. Mr. Pisanu Suvanajataတို့ ဒီဇင်ဘာ ၂၉ရက်က နေပြည်တော်တွင် ဆွေးနွေးခဲ့သည်ဟု နိုင်ငံပိုင် သတင်းစာက သတင်းထုတ်ပြန်ထားသည်။ 

မြန်မာနိုင်ငံအစိုးရအနေဖြင့်လည်း ဘန်ကောက်မြို့ရှိ မြန်မာသံရုံး၊ ထိုင်းနိုင်ငံရှေ့နေများ ကောင်စီတို့နှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် ထိုင်းနိုင်ငံအစိုးရ၏ ပူးပေါင်း ပါဝင်မှုကိုပါ လိုလားသည်ဟု ထိုင်းသံအမတ်မှတစ်ဆင့် အမှာစကား ပါးခဲ့သေးသည်။ 

ဝင်း နှင့် ဇော် ကိစ္စကို ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်လည်း ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး နှစ်နိုင်ငံချစ်ကြည်ရေးကိုအခြေခံ၍ ယခုကိစ္စအပေါ် ဥပဒေနှင့် အညီ မျှမျှတတ ဖြစ်စေရေးအတွက် ဆက်လက်၍ ကူညီဆောင်ရွက်ပေးစေလိုကြောင်း ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ၊ ကော့စမွီ တရားရုံး၌ ဒီဇင်ဘာ ၂၄ ရက် တွင် သေဒဏ်ချမှတ်ခံခဲ့ရသည့် မောင်ဝင်းဇော်ထွန်းနှင့် မောင်ဇော်လင်းတို့ (၂)ဦးအတွက် ထိုင်း နိုင်ငံ၏ တရားစီရင်ရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ အဆင့်ဆင့် အယူခံဝင်သွားမည်ဟုလည်း ဆိုသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly