အာကာသစခန်းက ၂၀၀၇ ခုနှစ် တရုတ်လက်နက်စမ်းသပ်မှုမှ ထွက်ရှိသည့် အပျက်အစီးများကို ရှောင်တိမ်းခဲ့

အာကာသစခန်းက ၂၀၀၇ ခုနှစ် တရုတ်လက်နက်စမ်းသပ်မှုမှ ထွက်ရှိသည့် အပျက်အစီးများကို ရှောင်တိမ်းခဲ့

နာဆာ၏ Crew-3 မစ်ရှင်ကို နိုဝင်ဘာ ၁၀ ရက်က ကမ္ဘာပတ်လမ်းကြောင်းသို့ မလွှတ်တင်မီ ၆ နာရီခန့်အလို၌ နိုင်ငံတကာ အာကာသစခန်းသည် ၂၀၀၇ ခုနှစ်က တရုတ်၏ ဂြိုဟ်တုလက်နက်စမ်းသပ်မှုမှ ဖြစ်ပေါ်လာသော အပျက်အစီးများကို ရှောင်ရှားရန် လှုပ်ရှားဆောင်ရွက်ခဲ့ရသည်။

အလယ်တွင် အာကာသစခန်း တည်ရှိသည့် ၂ ဒသမ ၅ မိုင်အနက်နှင့် မိုင် ၃၀ ကျယ်ဝန်းသော “pizza box” ခေါ် စတုရန်းပုံဇုန်ထဲသို့ ၎င်းအမှိုက်သရိုက်အပိုင်းအစများ ဝင်ရောက်မည်ဟု ခန့်မှန်းထားသည်။

အဆိုပါ အပျက်အစီးသည် ၁၉၉၉ ခုနှစ်တွင် တရုတ်နိုင်ငံမှ လွှတ်တင်ခဲ့သည့် Fengyun-1C မိုးလေဝသ ဂြိုဟ်တု၏ အကြွင်းအကျန်တစ်ခုဖြစ်ပြီး ၂၀၀၂ ခုနှစ်တွင် ဖျက်ဆီးခဲ့သော်လည်း ပတ်လမ်းကြောင်းတွင် ရှိနေခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် တရုတ်နိုင်ငံသည် အသုံးမဝင်တော့သော ဂြိုဟ်တုအား မြေပြင်မှ ပဲ့ထိန်းဒုံးကျည်ဖြင့် ပစ်မှတ်ထားပစ်ခတ်ခဲ့ပြီး ဂြိုဟ်တုကို အပျက်အစီး အပိုင်းအစ ၃၀၀၀ ကျော် ဖြစ်စေခဲ့သည်။ ထိုအချိန်က ယင်းဒုံးကျည်စမ်းသပ်မှုအား အမေရိကန်နှင့် အခြားနိုင်ငံများက ရှုတ်ချခဲ့ကြသည်။

ဂြိုဟ်တုမှ အပျက်အစီးအပိုင်းအစသည် လာမည့် နိုဝင်ဘာ ၁၈ ရက်ညတွင် အာကာသစခန်းသို့ နီးကပ်စွာဖြတ်သန်းနိုင်မည်ဟု မျှော်လင့်ထားကြောင်း အာကာသအတွင်း အရာဝတ္ထုများကို ခြေရာခံသူ ဟားဗတ်နက္ခတ္တဗေဒပညာရှင် ဂျိုနသန်မက်ဒေါင်ဝယ် က ပြောသည်။ ယခုအခါ အာကာသစခန်း ရွှေ့ပြောင်းထားပြီးဖြစ်၍ တိုက်မိနိုင်မည့်အန္တရာယ် မရှိလောက်တော့ပေ။

အပျက်အစီး အစိတ်အပိုင်း အများအပြားသည် ပတ်လမ်းအတွင်း ၁၀ စုနှစ်များစွာ ဆက်ရှိနေမည်ဟု မျှော်လင့်ရပြီး အာကာသစခန်းနှင့် အခြားအာကာသယာဉ်များကို ခြိမ်းခြောက်လျက်ရှိသည်။

အာကာသစခန်းကို တည်ဆောက်မှုစတင်ပြီး ၁ နှစ်အကြာ ၁၉၉၉ ခုနှစ်ကတည်းက ထိုကဲ့သို့သော ရှောင်ရှားမှုပေါင်း ၂၉ ကြိမ် လုပ်ဆောင်ခဲ့သည်။ အာကာသစခန်းတိုက်မိခံရပြီး ပျက်စီးသည့် အချို့သော အခြေအနေများတွင် အာကာသယာဉ်မှူးများသည် ၎င်းတို့၏ အာကာသယာဉ်ပေါ်သို့ တက်ကာ အရေးပေါ်ထွက်ခွာကြရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly