“သမ္မတ ဦးသိန်းစိန်၊ ကောင်းတာ လုပ်သလောက် အကောင်းပြောမခံရသူ”

“သမ္မတ ဦးသိန်းစိန်၊ ကောင်းတာ လုပ်သလောက် အကောင်းပြောမခံရသူ”
နေပြည်တော်ရှိ မဲရုံတစ်ခု၌ ဆန္ဒမဲပေးပြီးနောက် သမ္မတ ဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်းတို့က ပြည်သူများအား နှုတ်ဆက်နေသည်ကို နိုဝင်ဘာလ ၈ ရက်၊ ၂၀၁၅ ခုနှစ်က တွေ့ရစဉ်။ (ဓာတ်ပုံ - အောင်ထက်၊ အီးပီအေ)

၂၀၁၁ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ ကို ကိုင်ပြီး စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပြောင်းအလဲလုပ်ချိန်မှာ ကံထူးသူ ဖြစ်သွားသူကတော့ ဗိုလ်ချုပ်ကြီး သိန်းစိန်ပဲ ဖြစ်ပါတယ်။ စစ်အာဏာရှင်တစ်ယောက်ရဲ့ ရွေးချယ်ပေးမှုနဲ့ နိုင်ငံသားအားလုံးရဲ့ အထွဋ်အထိပ် နေရာဖြစ်တဲ့ နိုင်ငံတော်သမ္မတ ဖြစ်လာခဲ့ပြီး သမိုင်းဝင်ပုဂ္ဂိုလ် ဖြစ်သွားခဲ့ပါတယ်။ ဘယ်သူက ခန့်အပ် နေရာချပေးသွားသည်ဖြစ်စေ သမ္မတ ဦးသိန်းစိန်ဟာ ကိုယ်ကျိုးစီးပွား နည်းပါးစွာနဲ့ တိုင်းပြည် ကောင်းရာကောင်းကျိုး အများကြီး လုပ်သွားခဲ့တဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ခဲ့ပါတယ်။ ဖွဲ့စည်းပုံမှာ ရေးသားဖော်ပြချက်အရ နိုင်ငံသားအားလုံးရဲ့ အထွဋ်အထိပ်ပုဂ္ဂိုလ် သမ္မတ ဖြစ်သွားပေမယ့် ဦးသိန်းစိန်အနေနဲ့ တိုင်းပြည်ကောင်းရာ ကောင်းကျိုး လုပ်ကိုင်ရာမှာ အကန့်အသတ်တွေတော့ အများကြီး ရှိခဲ့ပါတယ်။ သူကိုယ်တိုင် အဲဒီ အကန့်အသတ်တွေကို လိုက်နာခဲ့ပုံလည်း ရပါတယ်။ ဒီလိုနဲ့ ၅ နှစ်ပြည့်လို့ သက်တမ်းကုန် ရွေးကောက်ပွဲ လုပ်တဲ့အခါ သူ့ပါတီကို ပြည်သူတွေက ပယ်ချပြီး ဆန့်ကျင်ဘက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို မဲပေး ရွေးချယ်လိုက်ကြပါတယ်။ သမ္မတ ဦးသိန်းစိန် ထွက်တော်မူ နန်းက ခွာရပါတော့မယ်။ ဝမ်းနည်းစရာ ကောင်းတာက သမ္မတ ဦးသိန်းစိန်ဟာ ၅ နှစ်အတွင်း သူစိုက်ပျိုးထားသမျှကို သူ နှုတ်ဆက်ထွက်ခွာချိန် ရိတ်သိမ်းခွင့် ရမသွားခဲ့ပါဘူး။ ဆဲသံ၊ ဆိုသံ အမနာပ ပြောသံတွေကိုပဲ ခံယူရသွားရှာပါတယ်။ ထူးခြားတဲ့ ၂၀၁၅ ခုနှစ်အတွက် ၅ နှစ်တာကာလ သမ္မတ ဦးသိန်းစိန်အကြောင်း ပြောကြည့်ကြရအောင်။

ဖွဲ့စည်းပုံမှာကတော့ သမ္မတအဖြစ် ရွေးချယ်ခံရသူဟာ ဝန်ကြီးတွေနဲ့ အခြား ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တွေ၊ ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ်တွေ၊ ပြည်နယ်နဲ့တိုင်း တရားသူချုပ်တွေ စသဖြင့် အမြောက်အမြားကို ခန့်အပ်ပိုင်ခွင့် ရှိတယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့ သမ္မတ ဦးသိန်းစိန်အနေနဲ့ အဲလို အခွင့်အရေး ရခဲ့ဟန် မတူပါဘူး။ အရင် စစ်အာဏာရှင်ကြီး နေရာချပေးလို့ နေရာရလာသူတွေနဲ့ပဲ တွဲပြီး အလုပ်လုပ်ခဲ့ရပါတယ်။ သူ့ရဲ့ ပထမဦးဆုံး အကန့်အသတ်ကတော့ သမ္မတတစ်ယောက်အနေနဲ့ ဒီလူတွေကို ဖယ်ရှားချင်သလို ဖယ်ရှားလို့ ရခဲ့တာမျိုး မဟုတ်ပါဘူး။ နောက်ထပ် ဒုတိယ ကြီးမားတဲ့ အကန့်အသတ်ကြီးကတော့ ဆိုးရွားလွန်းတဲ့ တိုင်းပြည်ရဲ့ အခြေအနေပါ။ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ထားမှု၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကျဆင်းနေမှု၊ အခြေခံအဆောက်အအုံ အားလုံးလိုလို ပျက်စီးနေမှု၊ တိုင်းသူပြည်သားတွေ ပညာမဲ့မှု၊ ပြည်တွင်းစစ်၊ ဗျူရိုကရေစီ ယန္တယားအတွင်း အကျင့်ပျက် ချစားနေမှု၊ တိုင်းသူပြည်သားတွေရဲ့ အာဏာပိုင် စစ်ဗိုလ်ချုပ် အဟောင်းအသစ်တွေကို မုန်းတီးနေမှု စသဖြင့် စသဖြင့် ပြဿနာပေါင်း သောင်းခြောက်ထောင်ကို လက်ခံရခဲ့တာ ဖြစ်ပါတယ်။

အဲလို အဆိုးရွားဆုံး အခြေအနေအောက်ကနေ သမ္မတ ဦးသိန်းစိန်နဲ့ သူ့အဖွဲ့ဟာ ပြုပြင်ပြောင်းလဲရေးကို စလုပ်ပါတယ်။ အဓိက လုပ်ကိုင်တာကတော့ နိုင်ငံရေး လွတ်လပ်ခွင့် ပေးတာပါ။ နိုင်ငံရေးမှာ အားလုံးပါဝင်ခွင့် ပေးတာပါ။ အဲဒီအတွက် အကျဉ်းထောင်ထဲမှာ နှစ်ရှည်လများ ထည့်ထားတဲ့ အကျဉ်းသားတွေကို အကြိမ်ကြိမ် လွတ်ငြိမ်းခွင့်ပေးပြီး နိုင်ငံရေး ဖြစ်စဉ်ထဲ ပါဝင်ခွင့်ပေးပါတယ်။ နိုင်ငံရေးပါတီတွေ ထောင်ခွင့်ပေးပါတယ်။ နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အပေးအယူ အညှိအနှိုင်းလုပ်ပြီး ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပ၊ ဒေါ်စုနဲ့ အင်န်အယ်လ်ဒီအမတ် ၄၀ ကျော် လွှတ်တော်ထဲ ရောက်ပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေး ရဖို့အတွက် ပထမအဆင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ရနိုင်အောင် ခက်ခက်ခဲခဲ ကြိုးစားပါတယ်။ ငြိမ်းချမ်းရေးရဖို့အတွက် အရင် အစိုးရအဆက်ဆက်က မလုပ်ခဲ့တဲ့၊ လက်နက်ကိုင် တိုင်းရင်းသားတွေကို မလိုက်လျောခဲ့တဲ့ လိုက်လျောမှုတွေနဲ့ အတူ NCA စာချုပ်ရအောင် အကောင်အထည်ဖော်ပါတယ်။ ဒါပေမယ့် သူဟာ နိုင်ငံ့ အထွဋ်အထိပ် ခေါင်းဆောင်ဖြစ်ပေမယ့် တပ်မတော်ကို အမိန့်ပေး ညွှန်ကြားနိုင်ခြင်း မရှိပါဘူး။ အခြားတစ်ဖက်မှာလည်း စစ်ကြောင့် ကိုယ်ကျိုးစီးပွား ကောင်းကောင်း ဖြစ်ထွန်းနေတဲ့ တောတွင်းလက်နက်ကိုင် စစ်ဘုရင် တစ်ချို့ကို ငြိမ်းချမ်းရေး လမ်းကြောင်းဆီ ဆွဲခေါ်ဖို့လည်း မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ဒီလိုနည်းနဲ့ သူ့သက်တမ်း ကုန်သည်အထိ ငြိမ်းချမ်းရေးဆိုတာ မသေချာ မရေရာဆိုတာနဲ့ပဲ တစ်ဝက်တစ်ပျက်နဲ့ တစ်ခန်းရပ်ခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသား အရင် ဘယ်ခေတ်နဲ့ နှိုင်းနှိုင်း ငြိမ်းချမ်းရေးရဖို့ ပိုနီးစပ်လာတဲ့ အခြေအနေကောင်းတွေကိုတော့ သူ တည်ဆောက်ပေးခဲ့ပါတယ်။

တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် အနောက်နိုင်ငံတွေက စီးပွားရေး ပိတ်ဆို့ထားရင် မဖြစ်နိုင်ဘူးဆိုတာ ဦးသိန်းစိန် ကောင်းကောင်းသိပါတယ်။ ဒီလိုနဲ့ သူ့အဖွဲ့ဟာ တတ်နိုင်သလောက် ပိတ်ဆို့မှုတွေကနေ ကင်းလွတ်အောင် ကြိုးစားပါတယ်။ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ပိတ်ဆို့မှု ချမှတ်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု အပါအဝင် မူလအရင်းအမြစ် ပြဿနာတွေ ဖြေရှင်းနိုင်အောင် ကြိုးစားပါတယ်။ ကားတင်သွင်းခွင့် ပိတ်ပင်ထားတာကို ဖယ်ရှားတာ၊ မိုဘိုင်းဖုန်း စနစ်အတွက် နိုင်ငံတကာ အော်ပရေတာတွေကို လုပ်ကိုင်ခွင့်ပေးတာ၊ နိုင်ငံခြားဘဏ်တွေကို အခြေစိုက်ခွင့်ပြုတာ စတာတွေ လုပ်ခဲ့ပါတယ်။ ဒါတွေကို လွယ်လွယ်ကူကူ လုပ်ကိုင်လို့ ရခဲ့တာမျိုးတော့ မဟုတ်ပါဘူး။ လွှတ်တော်ထဲ ရောက်နေတဲ့ အရင်အစိုးရခေတ်က ကောင်းစားခဲ့တဲ့ ကိုယ်ကျိုးသမားကြီးတွေရဲ့ ကြီးကျယ်တဲ့ ဆန့်ကျင်မှုတွေကို ရင်ဆိုင်ပြီးမှ လုပ်ခဲ့ကိုင်ခဲ့တာမျိုး ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေထဲမှာ နိုင်ငံတကာက အမှတ်အပေးဆုံးကတော့ မီဒီယာလွတ်လပ်ခွင့် ပေးတာပါ။ ရေဒီယိုနဲ့ ရုပ်သံကို လုံးဝ ထိန်းချုပ်ထားတဲ့တိုင် ပုံနှိပ်မီဒီယာနဲ့ အင်တာနက်ကို လုံး၀ လွတ်လပ်ခွင့် ပေးလိုက်ပါတယ်။ ဒီကနေ့ ပုံနှိပ်နဲ့ အင်တာနက်မှာ ဘာမဆို ရေးသား ဖော်ပြလို့ ရနေပါပြီ။ မတရားအသင်းအဖြစ် ပိတ်ပင်ထားဆဲ ဗမာပြည် ကွန်မြူနစ်ပါတီ ခေါင်းဆောင်တွေရေးတဲ့ စာအုပ်စာတန်းတွေတောင် ထုတ်ဝေနေကြပါပြီ။ ဒါဟာ အိမ်နီးချင်း တရုတ်၊ ဗီယက်နမ်၊ လာအို၊ စင်ကာပူ၊ မလေးရှား၊ ဘရူနိုင်းလို နိုင်ငံတွေထက် သာလွန်ပါတယ်။ ပြောရရင် သမ္မတ ဦးသိန်းစိန် လက်ထက် ပြုပြင်ပြောင်းလဲရေးကြောင့် ပေါ်ပေါက်လာတဲ့ အခြေအနေ အရပ်ရပ်ဟာ အရင်နှစ် ၅၀ ဝန်းကျင်က အခြေအနေတွေထက် သာလွန်နေတာကိုတော့ ဘယ်သူမှ မငြင်းနိုင်ကြပါဘူး။

ဒါပေမယ့် သူ မလုပ်နိုင်တာတွေကလည်း အများကြီးပါ။ အဓိကအားဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ ကောင်းမွန်တဲ့ ဗျူရိုကရေစီ ယန္တယား ဖြစ်ပေါ်လာရေး၊ အလုပ်အကိုင် အသစ်ဖန်တီးမှု၊ သူ့လက်ထက်မှာမှ ပေါ်ပေါက်လာတဲ့ လူမျိုးရေး၊ ဘာသာရေး မုန်းတီးမှု ပြဿနာ စတာ စတာတွေကိုတော့ သူ မဖြေရှင်းနိုင်ပါဘူး။ ပြည်သူတွေ သူ့ကို မကြိုက်တဲ့ အကြီးမားဆုံး အချက်တစ်ခုကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ ကို ပြင်ဆင်လိုခြင်း မရှိတာပါ။ ဒီအခြေအနေ အားလုံး ပေါင်းစည်းလိုက်တဲ့အခါ ပြည်သူတွေဟာ သမ္မတကြီးရဲ့ ပါတီကို မဲမပေးတော့ပါဘူး။ ကောင်းရာမွန်ရာကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် တကယ် လုပ်ခဲ့တဲ့၊ လုပ်သလောက်လည်း တကယ်ပဲ အပြောင်းအလဲတွေ ဖြစ်ပေါ်စေခဲ့တဲ့ “သမ္မတကြီး” ကို အကောင်းမပြော ကျောခိုင်းလိုက်ကြပါတယ်။ မအောင်မြင်တာ၊ မဖြေရှင်းနိုင်တာတွေကို စွပ်စွဲရင်း သမ္မတကြီးရဲ့ လုပ်ရပ်အကောင်းတွေကို မေ့ပစ်လိုက်ကြပါတော့မယ်။ ဘယ်လိုပဲဖြစ်ဖြစ် သမ္မတ ဦးသိန်းစိန်ဟာ သူစိုက်ပျိုးခဲ့သမျှ သူ ပြန်ရိပ်သိမ်းခွင့် မရရှာတဲ့၊ ကံဆိုးသူ တစ်ယောက်ပဲ ဖြစ်ခဲ့ကြောင်းပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly