Huawei နှင့် ZTE ကုမ္ပဏီများကို ဆက်သွယ်ရေးလိုင်စင် ခွင့်မပြုသည့် ဥပဒေကို အမေရိကန်သမ္မတ လက်မှတ်ရေးထိုး

Huawei နှင့် ZTE ကုမ္ပဏီများကို ဆက်သွယ်ရေးလိုင်စင် ခွင့်မပြုသည့် ဥပဒေကို အမေရိကန်သမ္မတ လက်မှတ်ရေးထိုး

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က Huawei နှင့် ZTE ကဲ့သို့သော ကုမ္ပဏီများ ဆက်သွယ်ရေးလိုင်စင်များ ရယူခြင်းကို ပိတ်ပင်သည့် လုံခြုံရေးပစ္စည်း အက်ဥပဒေကို လက်မှတ်ရေးထိုးခဲ့သည်။

စည်းမျဉ်းသစ်အရ ဖက်ဒရယ်ဆက်သွယ်ရေးကော်မရှင် (FCC) သည် အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နိုင် သည့် ဆက်သွယ်ရေးပစ္စည်းများအတွက် မည်သည့်လျှောက်လွှာကိုမျှ ထည့်သွင်းစဉ်းစား တော့မည် မဟုတ် ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

ယခုကဲ့သို့ ဆောင်ရွက်ချက်ကြောင့် FCC သည် ၎င်း၏ ခွင့်မပြုသည့်ပစ္စည်းများနှင့် ဝန်ဆောင်မှုစာရင်း ရှိ ကုမ္ပဏီများအား လိုင်စင်များထုတ်ပေးခြင်း သို့မဟုတ် ပြန်လည်သုံးသပ်ခြင်းတို့ကို ပြုလုပ်တော့မည်မဟုတ်ပေ။

ယင်းဥပဒေကို အောက်လွှတ်တော်တွင် ၄၂၀-၄ မဲဖြင့် အတည်ပြုခဲ့ပြီးနောက် အောက်တိုဘာလတွင် အမေရိကန် အထက်လွှတ်တော်က တညီတညွတ်တည်း အတည်ပြုခဲ့သည်။

"ဒီပစ္စည်းက ကျွန်တော်တို့ရဲ့ အမျိုးသားလုံခြုံရေးအတွက် လက်မခံနိုင်တဲ့ အန္တရာယ်တစ်ခုလို့ ကျွန်တော်တို့ ဆုံးဖြတ်ထားပါတယ်။ ဒါကြောင့် 'Huawei ထွက်ပေါက် " လို့ ကျွန်တော် ခေါ်တဲ့ အရာကို ပိတ်လိုက်တာက သင့်တော်တဲ့ အရေးယူမှုတစ်ခုပါပဲ" ဟု FCC ကော်မရှင်နာ ဘင်ဒန်ကားက ပြောကြားခဲ့သည်။

FCC က ZTE နှင့် Huawei ကို အမျိုးသားလုံခြုံရေးခြိမ်းခြောက်မှုအဖြစ် ၂၀၂၀ပြည့်နှစ်တွင် တရားဝင် သတ်မှတ်ခဲ့ပြီး ယင်းကုမ္ပဏီများသည် တရုတ်ကွန်မြူနစ်ပါတီနှင့် နီးကပ်သော ဆက်ဆံရေးရှိကြောင်း တွေ့ရှိခဲ့သည်။

သို့သော် ဖက်ဒရယ်ရန်ပုံငွေများ မပါဝင်သရွေ့ ယင်းတို့သည် လိုင်စင်လျှောက်ထားနိုင်ဆဲဖြစ်ခြင်းကြောင့် ကားက လုံခြုံရေးပစ္စည်းအက်ဥပဒေကို အတည်ပြုရန် ဥပဒေပြုလွှတ်တော်များကို တွန်းအားပေးလျက်ရှိသည်။

၂၀၂၁ခုနှစ်အစောပိုင်းတွင် FCC သည် အမေရိကန်ဆက်သွယ်ရေးများတွင် အသုံးပြုနေသည့် Huawei နှင့် ZTE စက်ပစ္စည်းများကို အစားထိုးရန် ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံတန်ဖိုးရှိ ပစ္စည်းများ ဖယ်ရှားအစားထိုးသည့် အစီအစဉ်ကို စတင်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required