ရုရှားသမ္မတ ဗလာဒီမာပူတင် နှစ်စဉ်ထိပ်သီးအစည်းအဝေးတက်ရန် အိန္ဒိယသို့ ဒီဇင်ဘာ ၆ ရက်တွင် လာရောက်မည်

By Zee News
19 November 2021
ရုရှားသမ္မတ ဗလာဒီမာပူတင် နှစ်စဉ်ထိပ်သီးအစည်းအဝေးတက်ရန် အိန္ဒိယသို့ ဒီဇင်ဘာ ၆ ရက်တွင် လာရောက်မည်

နှစ်နိုင်ငံ ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ရန် ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ဒီဇင်ဘာ ၆ ရက်တွင် အိန္ဒိယသို့ လာရောက်ဖွယ်ရှိသည်။

အဆိုပါ ၁ ရက်ခရီးစဉ်အတွင်း ဗလာဒီမာပူတင်သည် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီနှင့် တွေ့ဆုံ ဆွေးနွေးမည်ဖြစ်သလို နှစ်နိုင်ငအကြား သဘောတူညီချက်အများအပြားကိုလည်း လက်မှတ်ရေးထိုးဖွယ်ရှိသည်။

ရုရှားထံမှ ဝယ်ယူထားသည့် S400 လေကြောင်းကာကွယ်ရေးစနစ်များအနက်မှ ပထမအသုတ်သည် အိန္ဒိယသို့ ယခုနှစ်ကုန်တွင် ရောက်ရှိမည်ဖြစ်သည်။

သမ္မတပူတင်သည် အိန္ဒိယနိုင်ငံသို့ ၂၀၁၈ ခုနှစ်ကလည်း ထိပ်သီးဆွေးနွေးပွဲအတွက် နောက်ဆုံး လာရောက်ခဲ့သည်။ အဆိုပါ ခရီးစဉ်အတွင်း S400 ဒုံးကျည်စနစ်များ အတွက် အရောင်းအဝယ်စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ ကိုဗစ်ရောဂါ ဖြစ်ပွားမှုကြောင့် ၂၀၁၉ ခုနှစ်အတွင်းက နှစ်စဉ် ထိပ်သီးဆွေးနွေးပွဲကို ကျင်းပနိုင်ခဲ့ခြင်း မရှိပေ။

သမ္မတပူတင်သည် ယခုနှစ်အတွင်း ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နှင့် ထိပ်သီး ဆွေးနွေးပွဲအတွက် ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာသို့ သွားရောက်ခဲ့သည်။ အီတလီက ဦးဆောင်ကျင်းပသည့် G20 ထိပ်သီးဆွေးနွေးပွဲကို ကိုဗစ်ပြဿနာကြောင့် အွန်လိုင်းမှသာ ပါဝင်တက်ရောက်ခဲ့သည်။

အိန္ဒိယသည် နှစ်စဉ်ထိပ်သီး ဆွေးနွေးပွဲအား ရုရှား၊ ဂျပန်တို့နှင့်သာ သက်ဆိုင်ရာနိုင်ငံများအကြား အလှည့်ကျ လက်ခံကျင်းပခဲ့ရာ အဆိုပါ ဆွေးနွေးပွဲ အကြိမ် ၂၀ အား အိန္ဒိယနှင့် ရုရှားနိုင်ငံတို့တွင် အလှည့်ကျ ကျင်းပပြီး ဖြစ်သည်။

ဝန်ကြီးချုပ် မိုဒီသည် ရုရှား အရှေ့ပိုင်းမြို့တော် ဗလာဒီဗိုစတော့သို့ ၂၀၁၉ ခုနှစ်က သွားရောက်ကာ ၅ ကြိမ်မြောက် အရှေ့ စီးပွားရေးဖိုရမ်တွင် အထူးဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့သည်။ ထို့နောက် ရုရှားနိုင်ငံ၏ ဖွံ့ဖြိုးရေးအစီအစဉ်တွင် အိန္ဒိယနိုင်ငံမှ ပါဝင်ဆောင်ရွက်မှု တိုးမြှင့်ရန် ဒေါ်လာ ၁ ဘီလျံ ချေးငွေအစီအစဉ်ကို ထုတ်ပြန်ကြေညာခဲ့သည်။

နှစ်နို်ငငံအကြား ဆက်ဆံရေးတွင် ကာကွယ်ရေးကဏ္ဍသည် အဓိက ဖြစ်ကာ ရုရှားသည် အိန္ဒိယ၏ အကြီးဆုံး ကာကွယ်ရေး မိတ်ဖက်နိုင်ငံဖြစ်သည်။ စက်လက်နက်ပစ္စည်း ပူးတွဲထုတ်လုပ်မှုအစီအစဉ်များတွင် Project 1135.6 ဖရီးဂိတ်စစ်သင်္ဘောများ၊ AK-203 တိုက်ခိုက်ရေး ရိုင်ဖယ်များ၊ Su-30 MKI နှင့် MiG-29 ဂျက်တိုက်လေယာဉ်များ၊ MANGO လက်နက်ခဲယမ်းများနှင့် တာတိုပစ် VSHORAD လေကြောင်းကာကွယ်ရေးစနစ်များ ပါဝင်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly