NLD အမတ် ဦးဖြိုးဇေယျာသော်ကို ဖမ်းဆီးရမိကြောင်း စစ်ကောင်စီ ထုတ်ပြန်

NLD အမတ် ဦးဖြိုးဇေယျာသော်ကို ဖမ်းဆီးရမိကြောင်း စစ်ကောင်စီ ထုတ်ပြန်
Photo- EPA

နိုဝင်ဘာ ၁၉

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်ကို ဖမ်းဆီးထားကြောင်း အာဏာသိမ်း စစ်ကောင်စီ ပြန်ကြားရေးက ယနေ့ နိုဝင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ကြေညာသည်။

ဦးဖြိုးဇေယျာသော်ကို ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရတနာနှင်းဆီအိမ်ရာ၌ ယမန်နေ့ နိုဝင်ဘာလ ၁၈ ရက် မွန်းလွဲပိုင်းတွင် အာဏာသိမ်း စစ်ကောင်စီက စစ်ကားအစီး ၃၀ ကျော် တပ်ဖွဲ့ဝင် အင်အား ၁၀၀ ကျော်ဖြင့် ဝင်ရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ရတနာနှင်းဆီ အိမ်ရာဝန်း အတွင်း နေထိုင်သူများက ပြောသည်။

၎င်းကို ပစ္စတို နှစ်လက်၊ ၉ မမ ကျည် ၄၈ တောင့်၊ M- 16 သေနတ် တစ်လက်နှင့် ၅.၅၆ ကျည် ၇၄ တောင့်နှင့်အတူ ဖမ်းဆီးရရှိခဲ့ခြင်း ဖြစ်သည်ဟု စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

ရန်ကုန်တိုင်း အတွင်းရှိ သန်လျင်တံတား ပစ်ခတ်မှု၊ မြောက်ဥက္ကလာပ တံတား၊ ထန်းတပင်မြို့နယ်၊ ကြည့်မြင်တိုင် မြို့နယ်နှင့် ဗားကရာချောက် ပစ်ခတ်မှုများတွင် ဦးဖြိုးဇေယျာသော်က နောက်ကွက်မှ ဦးဆောင် စေခိုင်းသူဖြစ်သည်ဟု စစ်ကောင်စီ၏ ထုတ်ပြန်ချက်များတွင် အမြဲစွပ်စွဲ ဖော်ပြလေ့ ရှိသည်။

ပြည်သူများအပေါ် ဖမ်းဆီး၊ သတ်ဖြတ်ကာ အကြမ်းဖက်မှုလုပ်ရပ် ကျူးလွန်နေသော အာဏာသိမ်း စစ်ကောင်စီ ကို ခုခံတော်လှန်ရန်အတွက် D- Day စတင်ပြီဖြစ်ကြောင်း NUG အစိုးရက ပြီးခဲ့သည့် စက်တင်ဘာလ ၇ ရက်နေ့တွင် ကြေညာပြီးနောက် ရန်ကုန်တိုင်း၌ စစ်ကောင်စီကို ပစ်မှတ်ထားသော ပြောက်ကျား တိုက်ခိုက်မှုများ အရှိန်မြင့်လာခဲ့သည်။

နိုဝင်ဘာလ ၁၇ ရက်နေ့တွင်လည်း ရန်ကုန်မြို့အတွင်းက ပစ်ခတ်တိုက်မှုများနှင့် ပတ်သက်၍ ရန်ကုန် PDF တပ်ဖွဲ့ဝင် ၃၉ ဦးနှင့် ထောက်ပံ့ကူညီပေးသူ ရှစ်ဦးကို ဖမ်းဆီးရမိကြောင်း အာဏာသိမ်း စစ်ကောင်စီ ထုတ်ပြန်ထားသည်။

ဦးဖြိုးဇေယျာသော်သည် နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးဖြစ်သကဲ့သို့ အဆိုတော် တစ်ဦးလည်း ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် NLD ကိုယ်စားပြု အနိုင်ရရှိထားသော ပြည့်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦး ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required