တရုတ်၏ တရားမဝင်နေရာယူခြင်းကို လက်မခံဟု အိန္ဒိယပြည်ပရေးရာ ဝန်ကြီးဌာန ထုတ်ပြန်

တရုတ်၏ တရားမဝင်နေရာယူခြင်းကို လက်မခံဟု အိန္ဒိယပြည်ပရေးရာ ဝန်ကြီးဌာန ထုတ်ပြန်

တရုတ်ကွန်မြူနစ်ပါတီ၏ ၆ ကြိမ်မြောက် စုံညီ အစည်းအဝေးကို သမိုင်းဝင် အကဲဖြတ်မှုတစ်ခုဖြင့် ကျင်းပခဲ့ပြီး ရှီကျင့်ဖျင်အနေဖြင့် ဘဝတစ်သက်တာ သမ္မတအဖြစ်နေရာယူနိုင်ရေးအတွက် လမ်းဖွင့်ပေးခဲ့လိုက်သည့် နေ့တွင် အိန္ဒိယအစိုးရက တရုတ်၏ တရားမဝင်နေရာယူခြင်းနှင့် မမျှတသည် နယ်နမိတ်သတ်မှတ်ချက်များကို လက်ခံမည်မဟုတ်ကြောင်း ပြောကြားလိုက်သည်။

နယ်စပ်ဒေသများ အထူးသဖြင့် အာရွန်ချယ်ပရာဒေ့ရှ်တွင် တရုတ်က ၂ မျိုးသုံး ကျေးရွာများ တည်ဆောက် နေသည့် သတင်းများနှင့် ပတ်သက်၍ မေးမြန်းမှုအပေါ် ပြည်ပရေးရာဝန်ကြီးဌာန ပြောခွင့်ရအရာရှိ အာရင်ဒမ်ဘက်ချီက တရုတ်၏ အဆိုပါ လုပ်ဆောင်ချက်များအပေါ် သံတမန်နည်းလမ်းဖြင့် ပြင်းထန်စွာ ကန့်ကွက်ထားကြောင်းနှင့် ဆက်လက်၍လည်း ကန့်ကွက်သွားမည်ဟု သတင်းထောက်များအား နိုဝင်ဘာ ၁၁ ရက်က ပြောကြားခဲ့သည်။

တရုတ်သည် ၁၀ စုနှစ်ပေါင်းများစွာ ကြာမြင့်အောင် တရားမဝင်သိမ်းယူထားသည့် နေရာများအပါအဝင် နှစ်နိုင်ငံ နယ်စပ်တစ်လျှောက်တွင် လွန်ခဲ့သည့် နှစ်များအတွင်း တည်ဆောက်ရေး

လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ အိန္ဒိယက မိမိတို့နယ်မြေအတွင်း ယင်းကဲ့သို့ လာရောက်လုပ်ဆောင်မှုများကို လက်မခံသလို မမျှတစွာ နယ်မြေပိုင်နက် ကြေညာမှုများကိုလည်း သဘောမတူကြောင်း အာရင်ဒမ်ဘက်ချီက ပြောကြားသည်။

တရုတ်က ၎င်းတို့နိုင်ငံ အရှေ့ဘက်နယ်စပ်တွင် ၂ မျိုးသုံး ကျေးရွာများကို တည်ဆောက်ကာ နယ်နမိတ်ဆိုင်ရာ ဥပဒေသတစ်တစ်ရပ်ကိုလည်း ပြဌာန်းလိုက်ပြီး အဆိုပါကျေးရွာများအား တိုက်ပွဲများအတွက် အသုံးပြုရန် သတ်မှတ်လိုက်ခြင်းကြောင့် နှစ်နို်ငငံအကြား တင်းမာမှုများ ဖြစ်လာပြီး အန္တရာယ် လမ်းကြောင်းပေါ်သို့ ရောက်ရှိစေခဲ့သည်။

အမေရိကန်ကာကွယ်ရေးဌာန၏ ၂၀၂၀ ပြည့်နှစ်က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတစ်စောင်တွင် တရုတ်တိဗက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် အာရွန်ချယ်ပရာဒေ့ရှ် ဒေသတို့အကြားရှိ အငြင်းပွားနယ်မြေအတွင်း အိမ်ခြေ ၁၀၀ ရွာကြီးတစ်ရွာကို တရုတ်က တည်ဆောက်ထားသည်ဟု ဖော်ပြထားသည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ် (PLA) က အာရွန်ချယ်ပရာဒေ့ရှ် ဒေသတွင် လောင်ဂူးအမည်ရှိ စစ်ဆင်ရေးတစ်ရပ် လုပ်ဆောင်ပြီး အာသံရိုင်ဖယ်စခန်းကို ၁၉၅၉ ခုနှစ်တွင် သိမ်းယူပြီး နောက်ပိုင်းမှစတင်၍ အဆိုပါကျေးရွာများကို တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယစစ်တပ်အရာရှိများက သတင်းထောက်များကို ပြောကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required