ပါကစ္စတန်၏ လာဟိုးမြို့၌ လေထုညစ်ညမ်းမှုအခြေအနေ ဆိုးဝါးနေ

By Zee5
19 November 2021
ပါကစ္စတန်၏ လာဟိုးမြို့၌ လေထုညစ်ညမ်းမှုအခြေအနေ ဆိုးဝါးနေ

ပါကစ္စတန်နိုင်ငံ လာဟိုးမြို့၌ လေထုအရည်အသွေး နိမ့်ကျပြီး လေထုညစ်ညမ်းမှုအခြေအနေ အလွန်ဆိုးဝါးနေခဲ့ရာ နိုဝင်ဘာ ၁၃ ရက်က ယင်းမြို့နေပြည်သူများသည် လေထုညစ်ညမ်းမှုကြောင့် ချောင်းဆိုးခြင်း၊ နှာခေါင်းယာယံခြင်းတို့နှင့်အတူ နိုးထခဲ့ကြရကာ မီးခိုးမြူတို့က မြို့တစ်မြို့လုံးကို မွန်းကျပ်စေခဲ့သည်။

ယင်းမြို့၏ လေထုအရည်အသွေး ညွှန်းကိန်း (AQI) သည် အန္တရာယ်ရှိသည့် အမှတ် ၃၄၆ တွင် ရှိနေခဲ့သည်ဟု မှတ်တမ်းတင်ထားခဲ့သည်။ နိုဝင်ဘာ ၁၁ ရက်က လာဟိုးမြို့သည် ကမ္ဘာပေါ်တွင် လေထုညစ်ညမ်းမှုအဆိုးဆုံးမြို့အဖြစ် ကြေညာခံခဲ့ရကြောင်း လေထု အရည်အသွေး ညွှန်းကိန်းကို ကိုးကားပြီး Samaa TV က ဖော်ပြသည်။

လေထုညစ်ညမ်းမှုကြောင့် မီးခိုးမြူများကို ဖြစ်စေပြီး ယင်းက မတော်တဆမှုများကို ဖြစ်စေနိုင်ရုံတင်မကဘဲ လူ့ကျန်းမာရေးအတွက်ပါ ထိခိုက်စေကြောင်း ပညာရှင်များက ပြောသည်။ မိုးရွာသွန်းပါက မီးခိုးမြူများကို လျော့ပါးသွားစေနိုင်သည်။

တချိန်တည်းမှာပင် လာဟိုးမြို့၏ ဒုတိယကော်မရှင်နာသည် ယခုကိစ္စကို ကိုင်တွယ်ဖြေရှင်းရန် 'မီးခိုးမြူ ကိုင်တွယ်ဖြေရှင်းရေး အထူးအဖွဲ့' တစ်ခုကို ဖွဲ့စည်းခဲ့သည်။ ထိုအဖွဲ့တွင် သဘာဝပတ်ဝန်းကျင် ဌာန၊ ရေနှင့် မိလ္လာစနစ်ဆိုင်ရာ အေဂျင်စီ၊ မက်ထရို ပိုလစ်တန် ကော်ပိုရေးရှင်း၊ စက်မှုလုပ်ငန်းများနှင့် ရဲတပ်ဖွဲ့တို့မှ အကြီးအကဲများဖြင့် ဖွဲ့စည်းမည် ဖြစ်ကြောင်း Samaa TV က ဖော်ပြသည်။

"မြို့ထဲမှာ မီးခိုးတွေ ထုတ်လွှတ်နေတဲ့ ကားတွေကို စောင့်ကြည့်ဖို့ အထူးအဖွဲ့နှစ်ဖွဲ့ကိုလည်း ဖွဲ့စည်းထားပါတယ်" ဟု လာဟိုးမြို့ ဒုတိယကော်မရှင်နာ မိုဟာမက် အူစမန်က ပြောသည်။ ထို့ပြင် မြို့တွင်းရှိ ဘွိုင်လာများ သုံးသည့် စက်ရုံများနှင့် အုတ်ဖုတ်စက်များ အားလုံးကို သွားရောက်ကြည့်ရှုရန် အစိုးရက ဆုံးဖြတ်ထားကြောင်း ၎င်းက ပြောသည်။

အာဏာပိုင်များဘက်က မီးခိုးမြူများကို ထိန်းချုပ်ရန် မြို့တွင်း၌ မည်သည့်အစီအမံများကိုမှ လုပ်ဆောင်ထားခြင်း မရှိခဲ့ဟု လာဟိုးမြို့ ဗဟိုတရားရုံးက နိုဝင်ဘာ ၁၂ ရက်က စီရင်ချက်ချခဲ့သည်။

ထို့ပြင် ပါကစ္စတန်ရှိ ဗျူရိုကရက်များကို တရားရုံးက အပြင်းအထန် ပြစ်တင်ခဲ့ပြီး ၎င်းတို့သည် ရုံးများအတွင်းမှာပင် ထိုင်နေကြပြီး အစီရင်ခံစာများ ပေးပို့နေကြောင်း ပြောခဲ့သည်ဟု Samaa TV က ဖော်ပြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required