အာဖဂန်နစ္စတန်ဒုက္ခသည် ထောင်နှင့်ချီတို့ အီရန်နိုင်ငံထဲသို့ ထွက်ပြေးဝင်ရောက်နေ

By ABC News
19 November 2021
အာဖဂန်နစ္စတန်ဒုက္ခသည် ထောင်နှင့်ချီတို့ အီရန်နိုင်ငံထဲသို့ ထွက်ပြေးဝင်ရောက်နေ

အာဖဂန်ဒုက္ခသည် ထောင်နှင့်ချီတို့သည် တာလီဘန်တို့ လက်အောက်ကနေ လွတ်မြောက်နိုင်ရန်အတွက် အိမ်နီးချင်း အီရန်နိုင်ငံထဲသို့ နေ့စဉ်နေ့တိုင်း ထွက်ပြေးဝင်ရောက်လျက်ရှိပြီး ယင်းသည် နောက်ဆုံးတွင် ဥရောပအတွက် အကျပ်အတည်းတစ်ခု ဖြစ်လာနိုင်ကြောင်း အကူအညီပေးရေးဆိုင်ရာ အဆင့်မြင့်အရာရှိတစ်ဦးက နိုဝင်ဘာ ၁၀ ရက်တွင် ပြောကြားလိုက်သည်။

နော်ဝေနိုင်ငံ ဒုက္ခသည်များဆိုင်ရာ ကောင်စီ (NRC) ၏ အထွေထွေ အတွင်းရေးမှူး ဂျန် အက်ဂ်လန်းသည် ယခုသီတင်းပတ်အတွင်း အာဖဂန်နစ္စတန်နယ်စပ်အနီး အီရန်အရှေ့ပိုင်း ကာမန်းခရိုင်ဝန်းကျင်ရှိ ဒုက္ခသည်များထံ သွားရောက်ခဲ့သည်။ ယခုကဲ့သို့ အီရန်နိုင်ငံထဲသို့ ဒုက္ခသည်များ စုပြုံဝင်ရောက်မှု ဆက်ဖြစ်နေမည်ဆိုပါက ယင်းက ဥရောပဒေသအပေါ် ထိခိုက်သက်ရောက်စေလိမ့်မည် ဖြစ်ကြောင်း ၎င်းက သတိပေးခဲ့သည်။

တာလီဘန်တို့ လက်ကနေ ထွက်ပြေးနေကြသည့် အာဖဂန်များကို မျှော်လင့်ချက်၊ အစားအသောက်နှင့် ကူညီစောင့်ရှောက်မှုတို့ ပေးအပ်နိုင်ရေးအတွက် ပိုမိုလုပ်ဆောင်ရန် လိုအပ်နေကြောင်း အက်ဂ်လန်းက ၎င်း၏ ခရီးစဥ်အပြီး တီဟီရန်တွင် အေပီသတင်းဌာနကို ပြောခဲ့သည်။

"အာဖဂန်ဒုက္ခသည် အများအပြားက သူတို့ ခုချိန်မှာ အီရန်ကို သွားနေတယ်ဆိုတာကို သူတို့ရဲ့ ဆွေမျိုးတွေဆီ အကြောင်းကြား ပြောဆိုထားခဲ့ကြပါတယ်၊ အများအပြားဟာ ဥရောပကို သွားချင်နေကြပါတယ်၊ ဒီတော့ ဥရောပအနေနဲ့ ပိုလန်-ဘယ်လာရုစ် နယ်စပ်မှာ ရှိနေတဲ့ ဒုက္ခသည် ထောင်ဂဏန်းအနည်းငယ်အတွက်နဲ့ အချိန်သိပ်ဖြုန်းမနေသင့်ဘဲ ဒုက္ခသည်တွေကို ကူညီဖြေရှင်းနိုင်ဖို့ ဒီထက် ပိုမိုလုပ်ဆောင်သင့်ပါတယ်" ဟု ၎င်းက ပြောသည်။

"ခုချိန်မှာ အဲဒီနယ်စပ်မှာ ရှိနေတဲ့သူတွေထက် ဒီနေ့မှာ အီရန်ကို ရောက်လာတဲ့သူဦးရေက ပိုများနေပါတယ်" ဟု ၎င်းက ပြောသည်။

အာဖဂန်နစ္စတန်တွင် သြဂုတ်လ ၁၅ ရက်က ကဘူးလ်မြို့ တာလီဘန်တို့လက်ထဲ ကျသွားပြီးနောက် ရက်များအကြာတွင် ကြီးမားသည့် လေကြောင်းဖြင့် ရွှေ့ပြောင်းခေါ်ထုတ်မှုအတွင်း အမေရိကန်နိုင်ငံသားများ၊ အာဖဂန်များနှင့် အခြားသူများအပါအဝင် လူပေါင်း ၁၂၀,၀၀၀ ကျော်ကို အာဖဂန်နစ္စတန်နိုင်ငံထဲမှ ခေါ်ထုတ်ထားခဲ့ရသည်။ သို့သော် လူထောင်ပေါင်းများစွာ ကျန်နေရစ်ခဲ့ပြီး အများအပြားသည် နယ်စပ်များသို့ ထွက်ပြေးကြကာ အကူအညီပေးရေး အေဂျင်စီများထံမှ အကူအညီ တောင်းခံရန် ကြိုးပမ်းနေကြသည်။

တာလီဘန်တို့ ထိန်းချုပ်ပြီးနောက် အာဖဂန်နစ္စတန်ကနေ အီရန်နိုင်ငံထဲသို့ ထွက်ပြေးထားခဲ့သူ ခန့်မှန်းခြေ ၃၀၀,၀၀၀ ခန့် ရှိကြောင်း နော်ဝေ ဒုက္ခသည် အေဂျင်စီ၏ ခန့်မှန်းချက်အရ သိရသည်။

"စီးပွားရေးလည်း မရှိဘူး၊ အကူအညီကလည်း တော်တော့်ကို နည်းပါးတယ်၊ အကူအညီလိုအပ်တဲ့ လူသန်းချီတို့အတွက် ခိုလှုံစရာနဲ့ အစားအစာတွေကလည်း တော်တော့်ကို နည်းနေပါတယ်" ဟု အက်ဂ်လန်းက ပြောသည်။

အာဖဂန်နစ္စတန်တွင် ဆောင်းကာလ ဝင်လာချိန်တွင် ယင်းနိုင်ငံရှိ ဒုက္ခသည်များအတွက် လုံလောက်သည့် ခိုလှုံစရာ နေရာများ မရှိသည့်အတွက် နောက်ထပ်ဒုက္ခသည်များ အီရန်သို့ ဆက်လက် ဝင်လာကြလိမ့်မည်ဟု ၎င်းက ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required