စစ်အာဏာသိမ်းမှုဖြစ်ထားသော်ငြား မြန်မာတွင် ပြည်ပရေနံနှင့်ဓာတ်ငွေ့ ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့နေဟု အစီရင်ခံစာတစ်ခုက ဖော်ပြ

စစ်အာဏာသိမ်းမှုဖြစ်ထားသော်ငြား မြန်မာတွင် ပြည်ပရေနံနှင့်ဓာတ်ငွေ့ ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့နေဟု အစီရင်ခံစာတစ်ခုက ဖော်ပြ

နိုဝင်ဘာ ၁၉

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံတကာ ရေနံနှင့်ဓာတ်ငွေ့ ကုမ္ပဏီများသည် ယင်းတို့၏ လုပ်ငန်းများကို တိုးချဲ့ထားခဲ့ပြီး အာဏာသိမ်းစစ်အုပ်စုကို များပြားသည့် အခွန်ဘဏ္ဍာငွေများ ထောက်ပံ့ပေးလျက် ရှိကြောင်း ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့ (Arakan Oil Watch) က ယနေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာသစ်တစ်စောင်တွင် ဖော်ပြထားသည်။ စစ်တပ်၏ စီးပွားရေး စီမံကိန်းများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရေး ကျယ်ပြန့်သည့် တောင်းဆိုမှုများ ရှိနေသလို ယင်းစီမံကိန်းများအပေါ် တိုက်ခိုက်မှုများ မြင့်တက်နေသော်ငြားလည်း နိုင်ငံတွင်  ပြည်ပ ရေနံနှင့်ဓာတ်ငွေ့ကုမ္ပဏီများက ရင်းနှီးမြှုပ်နှံမှုများကို တိုးချဲ့နေကြကြောင်း သိရသည်။

မြန်မာအာဏာသိမ်းစစ်အုပ်စုသည် သဘာဝဓာတ်ငွေ့ တင်ပို့မှုကနေ နှစ်စဉ် ကန်ဒေါ်လာ ၁ ဘီလီယံကျော်အထိ အသားတင်ရရှိပြီး ယင်းက ပို့ကုန်ဝင်ငွေများ၏ အကြီးဆုံးသော ရင်းမြစ် ဖြစ်သည်။ ထို့ပြင် စစ်အုပ်စုသည် နှစ်စဉ် ပျမ်းမျှ ကန်ဒေါ်လာ သန်း ၅၀၀ တန်ဖိုးရှိ ပြည်တွင်းဓာတ်ငွေ့များ ရရှိသည်ဖြစ်ရာ စုစုပေါင်း အကျိုးအမြတ်အားဖြင့် တစ်နှစ်လျင် ကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ကျော် ရှိနေသည်။ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) က ပိုင်ဆိုင်သည့် ပြည်တွင်းဓာတ်ငွေ့ကို ပြည်တွင်းသုံးစွဲမှုအတွက် ရောင်းချခြင်း သို့မဟုတ် အစိုးရ စွမ်းအင် ကုန်ကျစရိတ်များအတွက် ထောက်ပံ့ကြေးပေးခြင်းတို့ လုပ်ဆောင်သည်ဟု Arakan Oil Watch က ဖော်ပြသည်။

တချိန်တည်းမှာပင် ရုရှားနှင့် အိန္ဒိယသည် အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်နည်းပညာများကို ဆက်လက်ရောင်းချမှုများ လုပ်ဆောင်ထားသည်။ "မြန်မာနိုင်ငံမှာ ရေနံနဲ့ ဓာတ်ငွေ့တွေ ဆက်လက် တူးဖော်ထုတ်ယူ၊ တင်ပို့ ပြီး မြန်မာပြည်သူတွေကို သတ်ဖြတ်ဖို့ အသုံးပြုတဲ့ ဘဏ္ဍာငွေတွေကို ထောက်ပံ့ပေးမှုအတွက် ကျွန်တော်တို့ဟာ ရေနံနဲ့ ဓာတ်ငွေ့ ကုမ္ပဏီတွေကို တာဝန်ခံခိုင်းရမှာဖြစ်ပါတယ်" ဟု Arakan Oil Watch ၏ ဒါရိုက်တာ Jockai Khaing က ပြောသည်။

အာဏာသိမ်းမှုဖြစ်ထားသော်လည်း မြန်မာနိုင်ငံ၏ ကမ်းလွန်လုပ်ကွက်ဓာတ်ငွေ့မြေ လေးခုမှ ဓာတ်ငွေ့ ထုတ်ယူလျက် ရှိသော နိုင်ငံတကာ ရေနံနှင့် ဓာတ်ငွေ့ကုမ္ပဏီများသည် စစ်အုပ်စုကို ဘဏ္ဍာငွေများနှင့် တရားဝင်ဖြစ်မှုကို ဆက်လက် ပေးအပ်ထောက်ပံ့နေရုံတင်မကဘဲ ၎င်းတို့၏ လုပ်ငန်းပရောဂျက်များကို ချဲ့ထွင်လျက် ရှိကာ ယင်းတို့ထဲတွင် အမေရိကန်၏ Chevron ၊ ပြင်သစ်၏ Total ၊ ထိုင်း၏ PTTEP နှင့် ကိုရီးယား၏ POSCO တို့ ပါဝင်နေသည်။ ရန်ကုန်၏ တောင်ဘက်ပိုင်းနှင့် ရခိုင်ကမ်းရိုးတန်းမလှမ်းမကမ်းရှိ ဧရိယာသုံးခုတွင် မကြာသေးခင်က ကမ်းလွန် ဓာတ်ငွေ့တွေ့ရှိထားမှုများကို အသုံးချရန်လည်း စီစဉ်ဆောင်ရွက်မှုများ လုပ်ဆောင်လျက် ရှိသည်။ လက်ရှိတွင် နိုင်ငံ ၁၃ ခုမှ ရေနံနှင့် ဓာတ်ငွေ့ကုမ္ပဏီ ၁၆ ခုသည် မြန်မာ၏ ရေနံနှင့် ဓာတ်ငွေ့လုပ်ငန်းတွင် အဓိကရှယ်ယာများ ရှိနေပြီး အများအပြားသည် ဆွစ်ဇာလန် အခြေစိုက် Transocean နှင့် အမေရိကန်၏ McDermott International တို့ကဲ့သို့ တဆင့်ခံ လုပ်ပိုင်ခွင့် ကန်ထရိုက်များကနေတဆင့် အကျိုးအမြတ်များ ဖြစ်ထွန်းရရှိနေသည်။

နိုင်ငံတကာ အစိုးရများအနေဖြင့် MOGE ကို ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်သင့်ကြောင်းနှင့် နိုင်ငံတကာကုမ္ပဏီများအနေဖြင့်လည်း အာဏာသိမ်းစစ်အုပ်စုထံ ရေနံနှင့် ဓာတ်ငွေ့ အခွန်၊ ဘဏ္ဍာငွေ ပေးချေမှုအားလုံး ရပ်ဆိုင်းထားရမည်ဖြစ်ကြောင်း ဆန္ဒပြသူများ၊ အရပ်ဘက် အဖွဲ့အစည်း နှင့် မြန်မာနိုင်ငံ၏ တရားဝင်ဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့က တောင်းဆိုထားသည်။ တုံ့ပြန်အဖြေပေးမှု အားနည်းခြင်းက ထို ကုမ္ပဏီများအပေါ် ပြည်သူများဘက်က အမျက်ဒေါသထွက်ခဲ့သလို ယင်းကုမ္ပဏီများအပေါ် ထားသည့် ပြည်သူတို့၏ သဘောထားရပ်တည်ချက်ကို ခက်ထန်မာကျောစေခဲ့သည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDFs) များကလည်း အာဏာသိမ်းစစ်အုပ်စု၏ အခြေခံအဆောက်အအုံနှင့် ဝင်ငွေ ဖြစ်ထွန်းရရှိနေသည့် ပရောဂျက်များကို ပစ်မှတ်ထားတိုက်ခိုက်မှုများ လုပ်ဆောင်လျက် ရှိသလို အထူးသဖြင့် ဓာတ်ငွေ့ပိုက်လိုင်း ပရောဂျက်တချို့အပေါ် တိုက်ခိုက်မှုများ အပါအဝင် ဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စွမ်းအင် ကဏ္ဍများတွင် ပစ်မှတ်ထားတိုက်ခိုက်မှုများ လုပ်ဆောင်လျက် ရှိသည်။ PDF များသည် စက်တင်ဘာ ၇ ရက်နှင့် အောက်တိုဘာ ၆ ရက်အကြား ပစ်မှတ်ထားလုပ်ဆောင်သည့် ဖောက်ခွဲမှုများ အပါအဝင် တိုက်ခိုက်မှု ၉၅၀ လုပ်ဆောင်ထားခဲ့ကြောင်း NUG က ပြောပြီး ယင်းတို့အနက် ၂၁၃ ခုသည် စစ်အုပ်စု၏ စီးပွားရေး စီမံကိန်းများကို ပစ်မှတ်ထားလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

"ကုမ္ပဏီတွေအနေနဲ့ အာဏာသိမ်းစစ်အုပ်စုဘက်မှာ နေမှာလား၊ မြန်မာပြည်သူတွေနဲ့အတူ လက်တွဲပူးပေါင်းမလား ဆိုတာ ဆုံးဖြတ်ရမယ့် အချိန် ဖြစ်ပါတယ်၊ စစ်အုပ်စုကို ဒေါ်လာငွေ တစ်ပြားတစ်ချပ်မှ မပေးသင့်ပါဘူး၊ နောက်ထပ် လူတွေ ထပ်မသေခင် ကုမ္ပဏီတွေအနေနဲ့ သူတို့ရဲ့ ကြံရာပါဖြစ်မှုကို အဆုံးသတ်ရပါလိမ့်မယ်" ဟု Arakan Oil Watch ၏ ဒါရိုက်တာက ပြောသည်။

တချိန်တည်းမှာပင် ဂျပန်ကုမ္ပဏီ Mitsui Oil Exploration Company (MOECO) ၏ ရုပ်သိမ်းဆုတ်ခွာမှုကို Arakan Oil Watch က ကြိုဆိုခဲ့ပြီး MOECO သည် အာဏာသိမ်းပြီးနောက် မြန်မာ၏ ကမ်းလွန်လုပ်ကွက်မြေများကနေ ရင်းနှီးမြှုပ်နှံမှု ရုပ်သိမ်းသည့် ပထမဆုံးကုမ္ပဏီ ပြီးခဲ့သည့်အပတ်က ဖြစ်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required