ယင်းမာပင်နယ်ကို စစ်ကောင်စီက အင်အားသုံး ထိုးစစ်ဆင်၊ စစ်ရဟတ်ယာဉ်များပါ အသုံးပြုနေ

ယင်းမာပင်နယ်ကို စစ်ကောင်စီက အင်အားသုံး ထိုးစစ်ဆင်၊ စစ်ရဟတ်ယာဉ်များပါ အသုံးပြုနေ

နိုဝင်ဘာ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီက စစ်ရဟတ်ယာဉ်များ အသုံးပြု ထိုးစစ်ဆင်နေကြောင်း ရှေ့တန်းတွင် ရောက်ရှိနေသူ ယင်းမာပင်-PDF အဖွဲ့ဝင် တစ်ဦးက ပြောသည်။

ယနေ့ နိုဝင်ဘာ ၁၉ ရက် နံနက် ၁၁ နာရီခန့်တွင် PDF များ ရှိမည်ဟု ယူဆသည့်ဘက်သို့ စစ်ကောင်စီက စစ်ရဟတ်ယာဉ် သုံးစီး အသုံးပြုကာ တရစပ် ပစ်ခတ်ခဲ့ပြီး ရွာသာရွာမှ အသက် ၁၃ နှစ်အရွယ် ကလေးငယ် တစ်ဦးလည်း ဒဏ်ရာရခဲ့သည်ဟု ၎င်းက ဆိုသည်။

“မနက် ၁၀ နာရီမှာ စတာ။ ယင်းမာပင်၊ ဆားလင်းကြီး၊ ကနီ၊ ပုလဲ PDF ပူးပေါင်းတပ်ဖွဲ့နဲ့ပေါ့။ သူတို့က စစ်ကြောင်း သုံးကြောင်းနဲ့ ခွဲတက်လာတာ။ ကျွန်တော်တို့ ဘက်ကတော့ မိုင်းအဓိကထား ခွဲတာပေါ့။ သူတို့ဘက် ၁၀ ယောက်ထက် မနည်း ကျတာရှိတယ်” ဟု ယင်းမာပင်-PDF တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်သည် ယနေ့ နံနက်ပိုင်းမှ စတင်ကာ တပ်အင်အား ရာချီအသုံးပြု၍ စစ်ကြောင်း သုံးကြောင်းဖြင့် ဖိုဝင်တောင်ဘက်သို့ ထိုးစစ် ဆင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စစ်ကြောင်းများမှာ ဖိုဝင်တောင်၏ တောင်ဘက်တွင် အင်အား ၁၀၀ ကျော်ပါသည့် စစ်ကြောင်း ၊ ရွာသာယာရွာ၏ အရှေ့ဘက် ကြေးနီ စီမံကိန်းဘက်သို့ လာသည့် အင်အား ၁၀၀ ကျော်ခန့် ပါသည့် စစ်ကြောင်းနှင့် ဖိုဝင်တောင် မြောက်ဘက်တွင် စစ်ကားအင်အား ၅၀ ကျော်ခန့် ပါသည့် စစ်ကြောင်းတို့ ဖြစ်သည်။

စစ်ကား ၅၀ ကျော်ပါသည့် စစ်ယာဉ်တန်းသည် ကလေးမြို့ဘက်မှ ထွက်ခွာလာသည်ဟု ကြားသိရပြီး မုံရွာသို့ သွားနေခြင်း ဖြစ်သည်ဟုလည်း ယင်းမာပင်-PDF တာဝန်ရှိသူက ပြောသည်။

“လောလောဆယ် ဖြည်းဖြည်းချင်း သူတို့ ရွေ့လျားနေတယ်။ သူတို့ အခုအသုံးပြုတာက ရွေ့လျားစနစ်ပေါ့။ ၁၉၄၄ နှင့် ၁၉၅၅ ကာလတွေမှာ အကြမ်းဖက် စစ်ကောင်စီအုပ်စုက ထိုးစစ်ဆင်ခဲ့တဲ့ စစ်ရေးဗျူဟာပေါ့။ ဖြည်းဖြည်းချင်း သွားပြီး ဖြည်းဖြည်းချင်း တိုက်တာပေါ့” ဟု ၎င်းက သုံးသပ်သည်။

လက်ရှိ အချိန်တွင် လူသူ၊ လက်နက် အင်အားမမျှ၍ ပြောက်ကျားစနစ်ဖြင့် မိုင်းဆွဲ တိုက်ခိုက် ခြင်းသာ ပြုလုပ်နိုင်ပြီး တပ်ဆုတ်ထားသည်ဟု ဆိုသည်။

ဓာတ်ပုံ-စစ်ကိုင်း-PDF တပ်ဖွဲ့ဝင်တချို့ကိုတွေ့ရစဉ်။ (ပုံဟောင်း)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required