ဒေါင်ယုတိုင်ကျွန်းများအနီး တရုတ် စစ်ရေးလှုပ်ရှားမှုများ ထိန်းချုပ်ရန် ဂျပန်တောင်းဆို

By ANI
19 November 2021
ဒေါင်ယုတိုင်ကျွန်းများအနီး တရုတ် စစ်ရေးလှုပ်ရှားမှုများ ထိန်းချုပ်ရန် ဂျပန်တောင်းဆို

အရှေ့တရုတ်ပင်လယ်တွင် တရုတ်၏ စစ်ရေးလှုပ်ရှားမှုများ တိုးမြှင့်လာမှုကို ထိန်းချုပ်ရန် ဂျပန်က တောင်းဆိုခဲ့ကြောင်း ထိုင်ဝမ်သတင်းက ဖော်ပြသည်။

ဂျပန်အကြီးတန်း သံတမန် ဖူနာကိုရှီ တာကဲဟီရိုက ဒေါင်ယုတိုင်ကျွန်းစုတစ်ဝိုက်ရှိ ရေပိုင်နက်အတွင်းသို့ တရုတ်ရေယာဉ်များ ထပ်ခါတလဲလဲ ဝင်ရောက်မှုနှင့်ပတ်သက်၍ စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်ဟု ဒေသတွင်းမီဒီယာကို ကိုးကား၍ Taiwan News သတင်းစာက ဖော်ပြသည်။

ထိုင်ဝမ်သတင်းအရ အဆိုပါ ကျွန်းစုများကို ဂျပန်က အုပ်ချုပ်သော်လည်း တရုတ်နှင့် ထိုင်ဝမ်တို့က ပိုင်ဆိုင်ကြောင်း အခိုင်အမာပြောဆိုထားသည်ဟု သတင်းတွင် ဖော်ပြထားသည်။

ဂျပန်၏ နိုင်ငံခြားရေးဝန်ကြီးအသစ် ယိုရှီမာဆာ ဟာယာရှီကလည်း တရုတ်နိုင်ငံ၏ စစ်ရေးအရ ရန်စမှုမှပေါ်ပေါက်လာသော လုံခြုံရေး စိန်ခေါ်မှုများအကြား ကမ္ဘာလုံးဆိုင်ရာတန်ဖိုးများနှင့် နိုင်ငံ၏ ငြိမ်းချမ်းရေးနှင့်သာယာဝပြောရေးကို ကာကွယ်သွားရန် နိုဝင်ဘာ ၁၁ ရက်က ကတိပြုခဲ့သည်။

“နိုင်ငံတကာ အသိုက်အဝန်းရဲ့ ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုနဲ့ နိုင်ငံတကာ စည်းမျဉ်းတွေ ထိန်းထားပေးတဲ့ ကမ္ဘာလုံးဆိုင်ရာတန်ဖိုးတွေအတွက် ပိုမိုလေးနက်တဲ့ စိန်ခေါ်မှုတွေကို ကျွန်တော်တို့ မြင်တွေ့နေရပါတယ်” ဟု ယိုရှီမာဆာ ဟာယာရှီက နိုင်ငံခြားရေးဝန်ကြီး ရာထူးတာဝန် စတင်ထမ်းဆောင်ပြီးနောက် ၎င်း၏ ပထမဆုံး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံသည် လက်ရှိအခြေအနေကို ပြောင်းလဲရန် တရုတ်နိုင်ငံ၏ အစီအစဉ်များကို ပြတ်ပြတ်သားသား ဆန့်ကျင်သွားမည်ဟု ဟာယာရှီက အလေးထားပြောကြားခဲ့ကြောင်း ကျိုဒိုသတင်းတွင် ဖော်ပြသည်။ သို့သော်ဝန်ကြီးက ဘုံပြဿနာများကို ဖြေရှင်းနိုင်ရေးအတွက် အိမ်နီးချင်းနိုင်ငံနှင့် အပြုသဘောဆောင်သော ဆက်ဆံရေးတည်ဆောက်ရန် ရည်ရွယ်ချက်ကို ကြေညာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required