ဝီဂါများအပေါ် တရုတ်ဖိနှိပ်မှု နိုင်ငံနယ်နိမိတ်ကျော်လွန်ကာ ပျံ့နှံနေ

By ANI
19 November 2021
ဝီဂါများအပေါ် တရုတ်ဖိနှိပ်မှု နိုင်ငံနယ်နိမိတ်ကျော်လွန်ကာ ပျံ့နှံနေ

ဝီဂါများအပေါ် တရုတ်၏ နှိမ်နင်းမှုသည် ၎င်း၏နယ်နိမိတ်များကို ကျော်လွန်ပျံ့နှံသွားပြီဖြစ်ကာ တရုတ်အေးဂျင့်များသည် နိုင်ငံပေါင်း ၂၂ နိုင်ငံရှိ လူနည်းစုအသိုက်အဝန်းများကို ခြေရာခံခြင်း၊ နှောင့်ယှက်ခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း လူ့အအခွင့်အရေးအဖွဲ့တစ်ခု၏ အစီရင်ခံစာသစ်၌ ဖော်ပြခဲ့သည်။

‘သင့်မိသားစု ခံစားရလိမ့်မည် - တရုတ်နိုင်ငံက လစ်ဘရယ်ဒီမိုကရေစီနိုင်ငံများရှိ ဝီဂါလူမျိုးများကို မည်သို့မည်ပုံ အချက်အလက်များရယူ စောင့်ကြည့်ကာ ခြိမ်းခြောက်နေသနည်း’ ဟူသော ခေါင်းစဉ်ရှိ အစီရင်ခံစာတွင် အချက်အလက်များအား အဖော်ပြထားသည်။

အစီရင်ခံစာအရ UHRP နှင့် Oxus Society တို့သည် မြောက်အမေရိက၊ အာရှပစိဖိတ်နှင့် ဥရောပရှိ နေရပ်ရွှေ့ပြောင်းအသိုင်းအဝိုင်းများ၌ နေထိုင်သော ဝီဂါလူမျိုး ၇၂ ဦးကို စစ်တမ်းကောက်ယူခဲ့ရာ ၇၄ ရာခိုင်နှုန်းက ၎င်းတို့သည် ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာအန္တရာယ်များ၊ ခြိမ်းခြောက်မှုများ သို့မဟုတ် အွန်လိုင်းမှ နှောင့်ယှက်မှုပုံစံများကို တွေ့ကြုံခံစားခဲ့ရကြောင်းမှတ်ချက်ပြုခဲ့ကြသည်ဟု Uyghur Human Rights Project က အသိပေးခဲ့သည်။

“ကျွန်တော်တို့ရဲ့ အရင်သုတေသနပြုချက်တွေအရ ကမ္ဘာတစ်ဝှမ်းနဲ့ အိမ်ရှင်နိုင်ငံတွေမှာ ထိန်းသိမ်းခံရတာတွေနဲ့ တရုတ်ပြည်ပြန်ပို့ခံရတာတွေကို သတိထားမိခဲ့ပါတယ်။ လစ်ဘရယ်ဒီမိုကရေစီနိုင်ငံတွေမှာနေတဲ့ ဝီဂါတွေတောင် ခြိမ်းခြောက်ခံရတာတွေ ပိုတိုးလာနေပါတယ်” ဟု ဗဟိုအာရှရေးရာ Oxus Society မှ သုတေသနဒါရိုက်တာ ဘရက်လေ ဂျာဒင်က ပြောကြားခဲ့သည်။

ရှင်ကျန်းပဋိပက္ခကို ပစ်မှတ်ထားသည့် ၂၀၁၄ ခုနှစ် အကြမ်းဖက်မှုစစ်ပွဲ စတင်ကတည်းက အာရှပစိဖိတ်၊ ဥရောပနှင့် မြောက်အမေရိကတစ်လွှားတွင် ထောင်နှင့်ချီသော တိုက်ခိုက်မှုများတွေ့ရမှုနှင့်အတူ တရုတ်နိုင်ငံ၏ အစိုးရကျောထောက်နောက်ခံပြု ဟက်ကာများနှင့် ထောက်လှမ်းရေးလုပ်ငန်းများ၏ အတိုင်းအတာ၊ နယ်ပယ်နှင့် စွမ်းရည်များ သိသိသာသာ ကျယ်ပြန့်လာခဲ့သည်ဟု ဂျာဒင်က ပြောသည်။

သုတေသနအသစ်အရ နိုင်ငံပေါင်း ၂၂ နိုင်ငံတွင် ၁၉ နှစ်ကာလအတွင်း၌ အဆင့် ၁ နိုင်ငံဖြတ်ကျော် ဖိနှိပ်မှုပေါင်း ၅၅၃၀ ရှိခဲ့သည်ဟု ဆိုသည်။

အဆင့် ၁ နိုင်ငံဖြတ်ကျော် ဖိနှိပ်မှုတွင် လူတစ်ဦးချင်းစီနှင့် မိသားစုဝင်များကို သတိပေးခြင်းနှင့် ခြိမ်းခြောက်ခြင်းများ အပြင် အင်တာပိုလ် ကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းမှတစ်ဆင့် သို့မဟုတ် နှစ်ဦးနှစ်ဖက်အားဖြင့် ထုတ်ပြန်သော ဖမ်းဝရမ်းများ ပါဝင်သည်ဟု ဝီဂါလူ့အခွင့်အရေးစီမံကိန်းက အသိပေးသည်။

"ဝီဂါတွေအပေါ် တရုတ်ရဲ့ နိုင်ငံဖြတ်ကျော် ဖိနှိပ်မှု အတိုင်းအတာဟာ ရင်သပ်ရှုမောစရာပါပဲ။ လူတစ်ဦးချင်းစီကနေ နေ့စဉ်အွန်လိုင်း ခြိမ်းခြောက်မှုတွေအထိ နိုင်ငံရပ်ခြားမှာ နေထိုင်တဲ့ ဝီဂါတွေအတွက် ငြိမ်းချမ်းမှုဆိုတာ မရှိပါဘူး" ဟု UHRP အမှုဆောင် ဒါရိုက်တာ အိုမာကားနက်က ပြောကြားခဲ့သည်။

"အခုသက်သေအထောက်အထားတွေဟာ ဝီဂါလူမျိုးတွေရှိတဲ့ နိုင်ငံတွေ ရှေ့မှောက်မှာ ရှိနေတာပါ။ တရုတ်နိုင်ငံဟာ ခင်ဗျားတို့ရဲ့ အချုပ်အခြာအာဏာကို ချိုးဖောက်တဲ့အပြင် ခင်ဗျားတို့ရဲ့နိုင်ငံသားတွေနဲ့ တရားဝင်အမြဲတမ်းနေထိုင်သူတွေကိုပါ ပစ်မှတ်ထားနေပါတယ်။ ဒါကို အရေးယူဆောင်ရွက်ရပါမယ်။ မသိဘူးလို့ ပြောလို့မရပါဘူး” ဟု ကားနက်က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required