လိပ်ကျွန်းလူသတ်မှုနှင့် ရွေ့ပြောင်း အလုပ်သမားများကိစ္စ ဦးဇော်ဇော် အတတ်နိုင်ဆုံး ကူညီမည်

လိပ်ကျွန်းလူသတ်မှုနှင့် ရွေ့ပြောင်း အလုပ်သမားများကိစ္စ ဦးဇော်ဇော် အတတ်နိုင်ဆုံး ကူညီမည်

ရန်ကုန်၊ ဒီဇင်ဘာ ၂၉ ။             ။ ဧရာဝတီဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေး ဖောင်ဒေးရှင်း FED အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်တို့ ဒီဇင်ဘာ ၂၉ ရက် နေ့လယ် ၁၂ နာရီအ ချိန်က ပြည်လမ်း နိုဗိုတယ်ဟိုတယ်၌ တွေဆုံဆွေးနွေးခဲ့ကြပြီး ဦးဇော်ဇော်က လိပ်ကျွန်းလူသတ်မှုနှင့် ရွေ့ပြောင်း အလုပ်သမားများကိစ္စ အတတ်နိုင်ဆုံး ကူညီမည်ဟု ပြောကြားခဲ့သည်။

ဆွေးနွေးမှုနှင့် ပတ်သက်၍ ဦးထူးချစ်က လိုအပ်တာတွေ အတတ်နိုင်ဆုံး ကူညီပေးပါမယ်ဟု ဦးဇော်ဇော်က ပြောပြီး ၎င်း၏ ကူညီပေးမှုကို ယုံကြည်ကြောင်း မဇ္ဈိမသို့ ပြောကြားသည်။

''လိပ်ကျွန်း ကိစ္စတင်မကဘဲ အခြားလူသတ်မှုတွေ၊ မုဒိမ်းမှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်ခံ ရမှုတွေ၊ ရွေ့ပြောင်း အလုပ်သမားတွေရဲ့ ပညာရေးကိစ္စတွေ အားလုံး ဆွေးနွေးပါတယ်။ သူကိုယ်တိုင် က ရွေ့ပြောင်း အလုပ်သမား ဖြစ်ခဲ့ဖူးတော့ ရွေ့ပြောင်း အလုပ်သမားတွေကိစ္စ သူတတ်နိုင်သလောက် ကူညီဆောင်ရွက်ပေးမယ်ဆိုတာ ယုံကြည်ပါတယ်။ နောက်ပြီး ရနှောင်းလူသတ်မှုတွင် မတရား ဖမ်းဆီးခံရသူများအတွက် တတ်နိုင်သလောက် ကူညီပေးမယ်လို့ ပြောပါတယ်'' ဟု ၎င်းက ဆိုသည်။

ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သူ ဧရာဝတီဖောင်ဒေးရှင်းမှ ဦးရဲမျိုးဟိန်းက ''လိပ်ကျွန်းလူသတ်မှုတင် မကပါဘူး၊ ရနှောင်းလူသတ်မှုနဲ့ ပတ်သက်တဲ့ကိစ္စ၊ ရွေ့ပြောင်းအလုပ်သမား ကိစ္စတွေပါ ဆွေးနွေးဖြစ်ခဲ့ ပါတယ်။ ဦးထူးချစ်တို့ဘက်က အနေအထားကို ရှင်းပြတယ်။ ကျွန်တော်တို့ ဘက်ကတတ်နိုင် သလောက် ကူညီပေးဖို့ ခုမှ စတင် ဆွေးနွေးတာပါ။ သူတို့ဘက်က ဘာတွေလိုအပ်သလဲ၊ ဘယ်လို ဆက်သွားမလဲ၊ ဝင်းနဲ့ဇော် တို့ရဲ့ မိသားစုတွေကို ကူညီဖို့၊ ရနှောင်းကိစ္စကိုလဲ ကူညီဖို့ ဆွေးနွေးခဲ့ကြ ပါတယ်'' ဟု ဆိုသည်။

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်က ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်းမြို့တွင် အသက် ၁၈ နှစ်အရွယ်၊ ထိုင်းကျောင်းသူတစ်ဦးကို ဓါးဖြင့် ၁၇ ချက်ဖြင့် ထိုးသတ်ခဲ့သည်ဟုဆိုကာ မြန်မာနိုင်ငံ သားများဖြစ်သည့် မိုးဇင်အောင်၊ မော်ဝေလင်း၊ စိန်ကတုံးနှင့် ကျော်စိုးဝင်းတို့ကို ထိုင်းရဲတပ်ဖွဲ့က အောက်တိုဘာလအတွင်း ဖမ်းဆီးခဲ့သည်။

ဦးထူးချစ် ဦးဆောင်သော FED အဖွဲ့သည် လိပ်ကျွန်းလူသတ်မှုအပြင်၊ ရနှောင်းလူသတ်မှုနှင့် ထိုင်းနိုင်ငံရှိ မြန်မာရွေ့ပြောင်း အလုပ်သမားများ၏ ပညာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက် နေသော အဖွဲ့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly