အလွန်ရှားပါးတဲ့ ဒိုင်နိုဆောမျိုးစိတ်ရဲ့ ရုပ်ကြွင်းကို ဘရာဇီးမှာ တူးဖော်တွေ့ရှိ 

အလွန်ရှားပါးတဲ့ ဒိုင်နိုဆောမျိုးစိတ်ရဲ့ ရုပ်ကြွင်းကို ဘရာဇီးမှာ တူးဖော်တွေ့ရှိ 

နိုဝင်ဘာ ၁၉

ဘရာဇီးနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၇၀ လောက်က နေထိုင်ကျက်စားခဲ့တဲ့ ခြေနှစ်ချောင်းရပ် သွားမပါတဲ့ ဒိုင်နိုဆောမျိုးစိတ်ရဲ့ ရုပ်ကြွင်းကို တူးဖော်တွေ့ရှိပြီး ‘တကယ့်ကို ရှားရှားပါးပါး’ ရှာဖွေတွေ့ရှိမှု ဖြစ်တယ်လို့ သုတေသနပညာရှင်တွေက ကြာသပတေးနေ့မှာ ပြောကြပါတယ်။ 

အရှည် သုံးပေနဲ့ အမြင့် နှစ်ပေခွဲသာ ရှိတဲ့ အခု ဒိုင်နိုဆောမျိုးစိတ်ဟာ သားစားတိရစ္ဆာန်မျိုး theropod အုပ်စုဝင် ဒိုင်နိုဆောငယ်မျိုး ဖြစ်ပါတယ်။ 

ဒါပေမဲ့ Derthasaura leopoldinae လို့ အမည်ပေးထားတဲ့ အခု မျိုးစိတ်သစ်ဟာ အသားစားမျိုးနွယ်ဖြစ်ပေမယ့် သွားမပါဘဲ ငှက်နှုတ်သီးပုံ ပါးစပ်ရှိနေတာကတော့ ပဟေဠိ ဖြစ်နေရပါတယ်။ 

“တော်တော်လေး အံ့ဩဖို့ ကောင်းတယ်”လို့ ဘရာဇီး အမျိုးသား ပြတိုက်က ထုတ်ပြန်ချက်မှာ အခု ရုပ်ကြွင်းကို ရှာဖွေတွေ့ရှိခဲ့ကြတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင်တွေက ပြောကြပါတယ်။ 

ပညာရှင်တွေဟာ သူတို့ရဲ့ တွေ့ရှိချက်တွေကို Nature ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့ရာမှာ “ဘရာဇီးမှာ Cretaceous အချိန်ကာလက ပြီးပြည့်ုံတဲ့ ဒိုင်နိုဆောတွေထဲက မျိုးစိတ်တစ်မျိုးကို ရှာဖွေတွေ့ရှိတာပါပဲ”လို့ ရေးသားဖော်ပြထားပါတယ်။ 

“သွားမပါတာကြောင့် ဒီ ဒိုင်နိုဆောရဲ့ အစားအစာဟာ ဘယ်လိုအမျိုးအစား ဖြစ်မလဲဆိုတာ သံသယတွေ ပွားစရဦ ဖြစ်ရတယ်”လို့ သုတေသနကို ရေးသားသူထဲက တစ်ဦးဖြစ်တဲ့ သုတေသီ ဂျီအိုဗန်နီ အယ်လ်ဗက်စ် ဆော့ဇာက ပြောပါတယ်။ 

“ဒီ ဒိုင်နိုဆောမျိုးစိတ်က အသားစားကြမှာ မဟုတ်ဘူးလို့လည်း ပြောလို့ မရတဲ့ အခြေအနေပါ၊ သိမ်းငှက်တွေလို ငှက်တော်တော်များများဟာ နှုတ်သီးရှိကြပြီး အသားစားကြတာပဲ မဟုတ်လား၊ ဖြစ်နိုင်ခြေ အရှိဆုံးက သူတို့ ကျက်စားနေထိုင်လို့ရမယ့် အံ့ကိုက်ဖြစ်မယ့် သဘာဝပတ်ဝန်းကျင်မှာ နေထိုင်ရှင်သန်ကြတာပဲ ဖြစ်တယ်”လို့ သူက ပြောပါတယ်။ 

အခု ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်နေတဲ့ အရိုးစုကို ၂၀၁၁ နဲ့ ၂၀၁၄ ကြားမှာ တောင်ပိုင်း ပါရာနာပြည်နယ်က ကျေးလက်လမ်းတစ်လျှောက် ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ 

မျိုးစိတ်သစ် ဒိုင်နိုဆောရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတစ်ခုလုံးကို ရှာဖွေတွေ့ရှိခဲ့တာပဲ ဖြစ်ပြီး နှစ်သန်းပေါင်း ၇၀ ကနေ ၈၀ ကြားမှာ နေထိုင်ရှင်သန်ခဲ့တဲ့ မျိုးစိတ်ဖြစ်တယ်လို့ အစောပိုင်းမှာ ပညာရှင်တွေက ထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly