ခေတ်သစ် သားတရား စီရင်ခန်းအတွင်း ပြည်သူများ အကာအကွယ်ကင်းမဲ့

ခေတ်သစ် သားတရား စီရင်ခန်းအတွင်း ပြည်သူများ အကာအကွယ်ကင်းမဲ့

နိုဝင်ဘာ ၁၉

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)လက်အောက်ရှိ ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က သူတို့ ကိုယ်သူတို့ ပျံလွှားအဖွဲ့ဟု အမည်ပေးထားသည်။

“ ပျံလွှားတွေရဲ့ ဒီထက်ပြင်းထန်တဲ့ တုန့်ပြန်တိုက်ခိုက်မှုတွေကို သတ္တိရှိရှိရင်ဆိုင်ဖို့ ပြင်ဆင်ထားပါလို့ မင်းအောင်လှိုင်ရဲ့ အကြမ်းဖက်စစ်တပ်ကို သတင်းစကားပါးလိုက်ချင်ပါတယ်။” ဟု ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့၏ သတင်းပြန်ကြားရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးတာဝန်ခံက မဇ္စျိမကို ပြောသည်။

ပျံလွှားတွေ၏ တိုက်ခိုက်မှုကြောင့် ၂ လကျော်အတွင်း စစ်ကောင်စီတပ်သား ၅၀ ဦးထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူအများအပြား ရှိခဲ့ကြောင်း ၎င်းအဖွဲ့က ထုတ်ပြန်ထားသည်။

ထိုပစ်ခတ် တိုက်ခိုက်မှုများအပြီးတွင် ၎င်းတို့အဖွဲ့မှ တော်လှန်ရေးလူငယ်များလည်း ဖမ်းဆီးခံခဲ့ရမှုများ ရှိခဲ့သည်။

စစ်ကောင်စီ၏ နိုင်ဝင်ဘာလ ၁၇ ရက် ညပိုင်း ထုတ်ပြန်ချက်တွင် “အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် NLD ပါတီဝင် ဦးဖြိုးဇေယျာသော်တို့၏ စေခိုင်းချက်အရ သန်လျင်တံတား၊ မြောက်ဥက္ကလာပတံတား၊ ထန်းတပင်မြို့နယ် နှင့် ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာမီးပွိင့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပစ်ခတ်ခဲ့သူများနှင့် ရန်ကုန်မြိုအတွင်း အကြမ်းဖက် လုပ်ငန်းဆောင်ရွက်သူများအား လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်” ဟု ဆိုထားသည်။

သို့သော်လည်း ထိုထုတ်ပြန်ချက်တွင် ပါဝင်သည့် ဖမ်းဆီးခံရသူ ၄၇ ယောက်တွင် တော်လှန်ရေးနှင့် မသက်ဆိုင်သည့် ပြည်သူများပါ ပါဝင်နေကြောင်း သတင်းပြန်ကြားရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးတာဝန်ခံက ဆိုသည်။

“အဖမ်းခံရတဲ့ သူတွေထဲမှာ တကယ်တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်တွေပါသလို သာမန်ပြည်သူတွေကို ဖမ်းဆီးပြီး ဇာတ်လမ်းဆင်ထားတာတွေ အများကြီး ပါပါတယ်။” ဟု ၎င်းက ဆိုသည်။ ဒီလို လိမ်ညာမှုတွေဟာ စစ်ကောင်စီအတွက်တော့ မထူးဆန်းတော့သည့် အလုပ်ဟုလည်း သူက ဆိုသည်။

“မင်းအောင်လှိုင်စစ်တပ်အနေနဲ့တော့ သူတို့ဟာ ပြည်သူတွေရဲ့ ရန်သူလို ဖြစ်နေသလို သူတို့ကလည်း ပြည်သူအားလုံးကို ရန်သူလို သဘောထားနေတာဖြစ်လို့ ထင်ရာမြင်ရာ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုတွေကို အခုလိုပဲ ဆက်ပြီး ကျူးလွန်နေဦးမှာပါပဲ။” ဟု သူက ဆက်ပြောသည်။

ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့အနေဖြင့် NUG ၏ ပြည်သူ့ခုခံစစ် စတင်ကြောင်း ကြေညာသည့် စက်တင်ဘာလ ၇ရက်မှစ၍ “ပျံလွှားအောင်” ဟု အမည်ပေးထားသည့် စစ်ဆင်ရေးကို ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် ဆောင်ရွက်နေခြင်း ဖြစ်သည်။

နိုဝင်ဘာလ ၁၅ တွင် ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့၏ စီစဉ်မှုဖြင့် ရန်ကုန်မြို့ရှိ နေရာ ခြောက်နေရာခန့် ပစ်ခတ်တိုက်ခိုက်ခံရပြီး သာကေတမြို့နယ် သန်လျင်တံတားအဆင်းပစ်ခတ်မှုတွင် စစ်သား သုံး ဦးနှင့် ယာဉ်ထိန်းရဲ နှစ် ဦး သေဆုံးကာ ထန်းတပင်မြို့နယ် တာဆုံရဲကင်းပစ်ခတ်မှုတွင် ရဲ သုံး ဦး သေဆုံးခဲ့သည်ဟု သိရသည်။

ထန်းတစ်ပင် တိုးဂိတ်ပစ်ခတ်ခံရမှုနှင့် ပက်သက်ပြီး အစပိုင်းတွင် ပစ်ခတ်မှုပြုလုပ်သူများ အသုံးပြုသည့်ကားဟုဆိုကာ ရေကန်ထဲသို့ Honda အမျိူးအစား အဖြူရောင်ယာဉ်တစ်စီး ထိုးကျနေသည့်ပုံ ပြန့်နှံ့ခဲ့ပြီးနောက် စစ်ကောင်စီတပ်သားများမှ Kluger ကားအမဲပေါ်မှ လူငယ်သုံးဦးကို ပစ်ခတ်ဖမ်းဆီးခဲ့သည့် ပုံများ ထပ်မံပေါ်ထွက်ခဲ့သည်။

အဆိုပါလူငယ်သုံးဦးသည် တော်လှန်ရေးတွင် ပါဝင်ခြင်းမရှိကြောင်းနှင့် ထန်းတစ်ပင်ပစ်ခတ်မှုကိုလည်း လုပ်ဆောင်ခြင်း မရှိကြောင်း ၎င်းတို့၏ မိသားစုဝင်များနှင့် စစ်ဆင်ရေး ဆင်နွှဲခဲ့သည့် အဖွဲ့ က ဆိုသည်။

ပစ်ခတ်မှုမှာပါဝင်သူ အချို့ ဖမ်းဆီးခံရသော်လည်း စစ်ကောင်စီဘက်က ထုတ်ပြနေသူများမှာ ဖြစ်စဉ်နှင့် မသက်ဆိုင်သူများဖြစ်သည်ဟု သတင်းပြန်ကြားရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးတာဝန်ခံက ပြောသည်။

”ဒီပစ်ခတ်တိုက်ခိုက်မှုမှာပါတဲ့ တချို့ရဲဘော်တွေ ဖမ်းဆီးခံရတာ မှန်ပါတယ်။ ထန်းတပင် ကိစ္စ ကလူဂျာကားပေါ်က လူငယ်တွေကတော့ ဖြစ်စဉ်နဲ့ ဘာမှ မပတ်သက်ပါ။ တိုက်ပွဲတိုင်းမှာ အောင်မြင်တာ ဆုံးရှုံးတာတော့ ရှိတတ်စမြဲပါပဲ။ ပြည်သူလူထုအတွက် စွန့်လွှတ်စွန့်စား ဆောင်ရွက်ခဲ့တဲ့ ရဲဘော်တွေအတွက် ကျနော်တို့ အမြဲ ဂုဏ်ယူလေးစားလျက်ပါ။” ဟု ပြောသည်။

ဖမ်းဆီးခံရသည့် လူငယ်သုံးဦးတွင် ပါဝင်သည့် ၂၆ နှစ်အရွယ် အောင်ဌေးဆိုသူ၏ မိသားစုဝင်တစ်ဦးက “ သူကဘုရင့်နောင်လမ်းဆုံမှာ အိမ်ဆောက်ပစ္စည်းဆိုင်ဖွင့်ထားတာ။ သူ့ မိန်းမနဲ့ စကားများပြီး အဲ့မနက်မှာ သူငယ်ချင်းတွေနဲ့ သောက်ကြတာ။ ပြီးတော့ ကားနဲ့ထွက်သွားတာ။ သူတို့က နိုင်ငံရေးတွေဘာတွေ လုပ်တာတော့မရှိပါဘူး၊ မွေးကင်းစ ကလေးရှိလို့ ဆန္ဒထွက်ပြတဲ့ အချိန်တုန်းကလည်း မပါခဲ့ဘူး။ အဲ့ဂိတ် ပစ်ခတ်ခံရတော့ ကားတွေတားတဲ့အခါမှာ သူတို့က အရှိန်နဲ့ဆိုတော့ ချက်ချင်းရပ်လို့မရဘူး၊ အဲ့တာကို ပစ်ပြီးဖမ်းတာလို့ သိရတယ်။ အဲ့တာကို ထင်ယောင်ထင်မှာဖြစ်ပြီး ပစ်တော့ ကလေးတွေ ဒုက္ခရောက်တာပေါ့။” ဟု ဆိုသည်။

နိုဝင်ဘာလ ၁၅ ရက်ကတည်းက ဖမ်းဆီးခံထားရသည့် လူငယ်သုံးဦးသည် လက်ရှိအချိန်ထိ ထန်းတပင်ရဲစခန်းတွင် ဖမ်းဆီးခံထားရပြီး စစ်ကောင်စီ၏ နိုင်ဝင်ဘာလ ၁၇ ရက် ညပိုင်းက ထုတ်ပြန်သည့် ထန်းတပင်မြို့နယ် ပစ်ခတ်မှုကို လုပ်ဆောင်သည့် သူများ ဖမ်းမိဆိုသည့်သတင်းတွင် ၎င်းတို့ ပါဝင်ခြင်းမရှိပေ။

ထို့အပြင် “ပျံလွှားအောင်” စစ်ဆင်ရေး၏ အစိတ်အပိုင်းများဖြစ်သည့် နိုဝင်ဘာ ၆ ရက်နေ့က စစ်သား ၁၁ ဦး သေဆုံးခဲ့သည့် ကွမ်းခြံကုန်းမြို့နယ်၊ အင်္ဂလုံးရွာအနီး စစ်ကောင်စီကားတစ်စီးကို မိုင်းခွဲတိုက်ခိုက်မှုနှင့် နိုဝင်ဘာ ၁၂ ရက်နေ့က ကော့မှုးမြို့နယ်၊ မကျီးကန်ရွာအနီး စစ်ကောင်စီကင်းလှည့်ယာဉ်ကို ပစ်ခတ်တိုက်ခိုက်မှု များအပြီးတွင်လဲ စစ်ကောင်စီတပ်က ပြည်သူများကို ဖမ်းဆီးနှိပ်စက် သက်ဖြတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

အင်္ဂလုံးရွာအနီး စစ်ကောင်စီကားတစ်စီးကို မိုင်းခွဲတိုက်ခိုက်မှုအပြီးတွင် အနီးအနားရှိ ဒေသခံ သုံးဦးသည် စစ်ကောင်စီတပ်၏ ရမ်းသမ်းပစ်ခတ်သည့် သေနတ်ကျဉ်ထိမှန်ကာ နှစ်ယောက်သေဆုံးပြီး ကလေးငယ်တစ်ဦး ဒဏ်ရာ ရခဲ့သည်။ အင်္ဂလုံးကျေးရွာနှင့် ဒေဒနောကျေးရွာရှိ ဒေသခံများလည်း ဖမ်းဆီးခံခဲ့ရပြီး နှစ်ဦးမှာ စစ်ကြောရေးတွင် သေဆုံးခဲ့သည်ဟု သိရသည်။

“ဘာမှမသက်ဆိုင်တဲ့ ရွာတွေထဲဝင်ပြီး ရမ်းသမ်းပစ်တယ်။ ပြည်သူတွေကိုလည်း ဖမ်းပြီး စစ်ကြောရေးခေါ်ပြီး ရိုက်သက်တယ်ပေါ့ဗျာ။ ဒါတွေက အဓိပါယ်မရှိဘူး၊ ပြည်သူလူထုကိုတော့ မလုပ်ပါနဲ့ ၊ လက်နက်ကိုင် အချင်းချင်ပဲ သတ္တိရှိရှိတိုက်ခိုက်ပါ။ ဒီထက်ပိုပြီးတော့ ပြည်သူလူထုကို ကာကွယ်ဖို့ ကြိုးစားနေပါတယ်” ဟု ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့၏ သတင်းပြန်ကြားရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးတာဝန်ခံက ပြောသည်။

ကော့မှူးမြို့နယ် မကျီးကန်ရွာ အနောက်ဘက်ရှိ ကျိုက်ထော် ကားလမ်းမပေါ် ပစ်ခတ်မှုတွင်လည်း ပြည်သူတစ်ဦး သေဆုံးပြီး အိမ်ထဲတွင် နေသည့် အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦး ကျည်ထိမှန် ဒဏ်ရာရခဲ့သည်။

ဒေသကာကွယ်ရေး အဖွဲ့က စစ်ကောင်စီ တပ်သားတွေ လိုက်ပါ စီးနင်းပြီး ကင်းလှည့်လာတဲ့ အိမ်စီးကား နှစ်စီးကို ပစ်ခတ်တယ်။ အဲဒီလို ပစ်ခတ်ခံရတော့ ကားပေါ်ကနေ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက လှည့်ပြီး ပြန်ပစ်တာ။ အဲဒီမှာ နောက်ကနေ မောင်းလာတဲ့ ဘုန်းကြီးကားတစ်စီးရဲ့ ယာဉ်မောင်းအမျိုးသားကို ကျည်ထိမှန်သွားတယ်။ ကျိုက်ထော်ဆေးရုံးပို့တာ လမ်းမှာတင် ဆုံးသွားတယ်။” ဟု ကော့မှူး ဒေသခံ တစ်ဦးက ပြောသည်။

အကြမ်းဖက် အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာလ ၁၈ ရက်အထိ စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးခဲ့ရသူ ၁၂၇၅ ဦးရှိပြီး ၁၀၂၈၅ဦး ဖမ်းဆီးခံခဲ့ရကြောင်း နိုင်ငံရေးအကျည်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က သတင်းထုတ်ပြန်ထားသည်။

အာဏာသိမ်းရန် ကြိုးပမ်းမှု ၁၀ လကျော်ကြာလာသည့်အချိန်တွင် နိုင်ငံအနှံ့အပြား စစ်ကောင်စီကို ခုခံတိုက်ခိုက်မှုများ အင်အားကြီးနေဆဲဖြစ်သည်။ စစ်ကောင်စီက ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များကို တိုက်ခိုက်ရာတွင် အပြစ်မဲ့ ပြည်သူများအား မထိခိုက်စေရန် လုပ်ဆောင်မှုများ နည်းပါးသည့်အတွက် အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်း ခံနေရပြီး လူထု ဘဝ လုံခြုံမှု ပိုမို ပျက်ယွင်းလာနေခဲ့သည်။

ထိုသို့ အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်နှိပ်စက်နေခြင်းကို ရပ်တန်းက ရပ်ရန်နှင့် လက်နက်ကိုင် အချင်းချင်း သတ္တိရှိရှိ ရင်ဆိုင်တိုက်ခိုက်ရန် တော်လှန်ရေးတပ်ဖွဲ့များက စစ်ကောင်စီကို သတိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly