ချမ်းသာလွန်းရင် ရမ်ကားတတ်သလား

ချမ်းသာလွန်းရင် ရမ်ကားတတ်သလား

ဆယ်ကျော်သက်ပြစ်မှုကျူးလွန်သူ အီသန်ကို့ချ်နှင့် သူ့မိခင်ကို မက္ကဆီကိုရဲက ဖမ်းဆီး

ဝါရှင်တန်၊ ဒီဇင်ဘာ-၂၉ ။              ။ ချမ်းသာလွန်းလို့ အလိုလိုက်ထားတာကြောင့် အမှန်အမှားမခွဲတတ်ဘဲ ရမ်းကားနေတာကို ချမ်းသာရောဂါ (affluenza)လို့ ခေါ်ပါသတဲ့။ ဒီချမ်းသာရောဂါရနေတဲ့ အီသန် ကို့ချ်ဆိုတဲ့ ဆယ်ကျော်သက်လူငယ်နဲ့ သူ့မိခင်တို့ကို နာမည်ကျော် ပစိဖိတ်အပန်းဖြေမြို့အနီးမှာ မက္ကဆီကန် အာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ ဒီအကြောင်းနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲလုပ်ခဲ့တဲ့ အရာရှိတွေက စီအင်အင်ကို ပြောကြားခဲ့ပါတယ်။

ဒီ အသက်၁၈နှစ်သာ ရှိသေးတဲ့ ကို့ချ်ဟာ ၂၀၁၃ခုနှစ်က လူလေးဦးသေဆုံးခဲ့ရတဲ့ မူးယစ်ရမ်းကား ကားဖြင့်တိုက်မှုအတွက် ခြေချုပ်နဲ့နေနေရရစဉ်မှာ ယခုလအစောပိုင်းက တက္ကဆက်ပြည်နယ်က ပျောက်ချင်းမလှပျောက်သွားခဲ့ပါတယ်။ ကို့ချ်ရဲ့ အမှုမှာ တရားခံရှေ့နေတွေက ခုခံလျှောက်လဲချက် တစ်စိတ်တစ်ပိုင်းအနေနဲ့ ကို့ချ်ရဲ့ လိုတရကြီးပြင်းလာခဲ့တဲ့ အခြေအနေကို အသုံးပြုခဲ့ကြတာကြောင့် အမေရိကန်နိုင်ငံတစ်ဝန်းမှာ အခြေအတင် ငြင်းခုန်စရာ ဖြစ်လာခဲ့ပါတယ်။

ကို့ချ်နဲ့ သူ့မိခင်တို့ကို ၎င်းတို့နေအိမ်နဲ့ မိုင်ပေါင်း ၉၅၀ကွာဝေးတဲ့ မက္ကဆီကို ကမ်းခြေအပန်းဖြေစခန်း ပွာတို ဗယ်လာတာအနီးမှာ ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်တယ်လို့ အာဏာပိုင်တွေက စီအင်အင်ကို ပြောကြားခဲ့ပါတယ်။

ဒီဆယ်ကျော်သက်ကို သူ့ကို ရက်သတ္တပတ်ပေါင်းများစွာ ရှာပုံတော်ဖွင့်နေတဲ့ အမေရိကန် လုံခြုံရေးဌာနကို လွှဲပြောင်းပေးဖွယ် ရှိနေပါတယ်။

ကို့ချ်ဟာ ခြေချုပ်စည်းမျဉ်းကို ချိုးဖောက်တာကြောင့် တက္ကဆက်ပြည်နယ်၊ တားရင့်ကောင့်တီက အာဏာပိုင်တွေက အသည်းအသန် အလိုရှိနေပါတယ်။ ကို့ချ်ပျောက်သွားပြီးလို့ မကြာမီမှာ သူ့မိခင် တွန်ယာလည်း ပျောက်သွားတာမို့ အာဏာပိုင်တွေကတော့ သားဖြစ်သူကို မိခင်က အကူအညီပေးနေတယ်လို့ အခိုင်အမာ ယူဆနေကြပါတယ်။    

ကို့ချ်ကို ခြေချုပ်နဲ့ နေထိုင်စဉ်ကာလမှာ အရက်နဲ့ မူးယစ်ဆေးက ဝေးဝေးနေဖို့လည်း အာဏာပိုင်တွေက အမိန့်ထုတ်ထားခဲ့ပါတယ်။

ကို့ချ် ရုတ်တရက် ပျောက်ဆုံးသွားမှုက ကားတိုက်မှုကျူးလွန်စဉ်က ၁၆နှစ်သာရှိသေးတဲ့ ကို့ချ်ဟာ ချမ်းသာလွန်းတဲ့ရောဂါဝေဒနာ ခံစားနေရသူသာဖြစ်တယ်လို့ စိတ်ပညာရှင်တစ်ယောက်က သက်သေခံထွက်ဆိုခဲ့တာကြောင့် ကျယ်ကျယ်ပြန့်ပြန့် စိတ်ဝင်စားခဲ့ကြရတဲ့ ဒီအမှုနဲ့ ပတ်သက်လို့ အခြေအတင် ငြင်းခုန်မှုတွေကို ပြန်လည်မီးထိုးပေးသလို ဖြစ်လာခဲ့ပါတယ်။ ချမ်းသာလွန်းတဲ့ ရောဂါဆိုတာကတော့ မိဘတွေက သူ့ကို တစ်စုံတစ်ရာ ထိန်းချုပ်ကန့်သတ်မှုမရှိဘူးဆိုတဲ့ သဘောလည်း သက်ရောက်နေခဲ့ပါတယ်။

ကားတိုက်မှုအတွက် ပြစ်ဒဏ်ကို မိဘတွေကပါ မျှခံသင့်တယ်လို့ ကို့ချ်ရဲ့ရှေ့နေတွေက စောဒကတက်ခဲ့ကြပါတယ်။

အစိုးရရှေ့နေတွေက ကို့ချ်က်ု ထောင်ဒဏ် အနှစ်၂၀ချမှတ်ဖို့ တောင်းဆိုခဲ့ကြပေမယ့်လည်း အရွယ်မရောက်သေးသူများ ပြစ်မှုတရားရုံး တရားသူကြီးက ကို့ချ်ကို ထောင်ထဲပို့မယ့်အစား ခြေချုပ်ပြစ်ဒဏ် ၁၀နှစ်သာ ချမှတ်ခဲ့တာကြောင့် ကားတိုက်ခံပြီးသေဆုံးသွားသူတွေရဲ့ မိသားစုဝင်တွေက ဒေါသူပုန်ထခဲ့ကြတယ်လို့ ဆိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly