ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် နယ်ခြားစောင့် BGF တပ်တို့ တစ်ရက်အတွင်း တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွား

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် နယ်ခြားစောင့် BGF တပ်တို့ တစ်ရက်အတွင်း တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွား

နိုဝင်ဘာ ၁၇

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် နယ်ခြားစောင့်တပ် BGF တို့ ယနေ့ နိုဝင်ဘာလ ၁၇ ရက် တစ်ရက်တာအတွင်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း KNU ဒူးသထူခရိုင်က သတင်းထုတ်ပြန်သည်။

KNU သထုံခရိုင်၊ ဖားအံမြို့နယ်အတွင်းသို့ ဝင်ရောက်လာသည့် အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ BGF တပ်ဖွဲ့ဝင်များကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တပ်မဟာ (၁)၊ တပ်ရင်း (၁) မှ နိုဝင်ဘာ ၁၇ ရက် မနက်အစောပိုင်း ၁နာရီခန့်တွင် တစ်ကြိမ်၊ နေ့ခင်း ၂ နာရီခန့်တွင် တစ်ကြိမ် သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ပစ်ခတ်မှုကြောင့် BGF တပ်ဖွဲ့ဝင်များ မောင်းနှင်လာသော VIGO ကား သုံးစီး ပျက်စီးခဲ့ကာ ထိခိုက်သေဆုံးမှုအခြေအနေကို မသိရသေးကြောင်း KNU က ထုတ်ပြန်သည်။

စစ်ကောင်စီလက်အောက်ခံ BGF တပ်ဖွဲ့များသည် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ဖားအံမြို့နယ်၊ ဟတ္တလိုက်ကျေးနယ်အုပ်စု၊ ဖလံတောင်ကျေးရွာရှိ (၁၆) ကုတင်ဆံ့ တိုက်နယ်ဆေးရုံကို ဝင်ရောက်စီးနင်းကာ ဆေးရုံပြတင်းပေါက်နှင့် မှန်တံခါးများကို ရိုက်ခွဲဖျက်ဆီးခြင်း၊ ဆေးရုံရှိ ဆိုင်ကယ်တစ်စီးကို ဖျက်ဆီးခြင်းများ လုပ်ခဲ့ပြီး ဆေးရုံအတွင်းသို့ မည်သူ့ကိုမှ ဝင်ရောက်ခွင့်မပေးပဲ တပ်စွဲထားခဲ့ကြောင်း၊ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် KNLA တပ်မဟာ (၁)နှင့် အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ BGF-၁၀၁၄ တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး BGF ဖက်မှ နှစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာကာ BGF တပ်ဖွဲ့များက ဒေသခံများကို ပေါ်တာဆွဲ အဓမ္မခိုင်းစေမှုများရှိခဲ့ကြောင်း KNU က သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly