စစ်ကောင်စီတပ်က စိတ်ကျန်းမာရေးချို့တဲ့သူ အမျိုးသားကို ရိုက်နှက်၍ ဆေးရုံတင်ထားရ

စစ်ကောင်စီတပ်က စိတ်ကျန်းမာရေးချို့တဲ့သူ အမျိုးသားကို ရိုက်နှက်၍ ဆေးရုံတင်ထားရ

နိုဝင်ဘာ ၁၇

ပဲခူးမြို့ နန်းတော်ရာရပ်ကွက်တွင် စိတ်ကျန်းမာရေးချို့တဲ့နေသည့် အမျိုးသားတစ်ဦးကို နန်းတော်ရာရပ်ကွက်ရုံးတွင် ညစောင့်နေသည့် စစ်ကောင်စီတပ်နှင့် နောက်လိုက်များက နိုဝင်ဘာ၁၅ရက်နေ့ ည၈နာရီဝန်ကျင်ခန့်က ဝိုင်းဝန်းရိုက်နှက်ခဲ့ခြင်းကြောင့် ပဲခူးပြည်သူ့ဆေးရုံကို အတွင်းလူနာအဖြစ်ကုသနေရကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရသည်။

“အရိုက်ခံရတဲ့အမျိုးသားက နည်းနည်းစိတ်လွတ်တတ်တယ်။ သူက သူ့အိမ်မှာ အော်ဟစ်နေတာကို အဲ့ဒီ နန်းတော်ရာရပ်ကွက်အုပ်ကြီးဦးဆောင်ပြီး ရဲခွေးနဲ့ စစ်ခွေး နောက်ပြီးသူတို့နောက်လိုက်တွေ ၁၃ယောက်လောက်ရှိမယ်။ ရောက်လာပြီး အဲ့အိမ်ကိုအတင်းဖွင့်ခိုင်းပြီး လူကိုအတင်းဆွဲထုတ်ပြီး ရိုက်တာ သူ့မိသားစုတွေက အရိုက်ခံရတဲ့သူက စိတ်ကျန်းမာရေးမကောင်းဘူးလို့ပြောလည်း မရဘူး၊ သေနတ်ဒင်တွေနဲ့ထုတယ် သံဒုတ်တွေနဲ့လဲ ရိုက်တယ်”ဟု မိသားစုနှင့် နီးစပ်သူတဦးမှပြောသည်။

အဆိုပါ အရိုက်ခံရသည့် သူ၏ မိသားစုဝင်များမှ နောက်ရက်တွင် စခန်းကိုလာရောက်ဖြေရှင်းပါမည်ဟု ပြောဆိုခဲ့သော်လည်း စစ်ကောင်စီလက်အောက်ခံလက်နက်ကိုင်များက ရပ်ကွက်ရုံးကို အတင်းခေါ်ဆောင်ကာ ဆက်လက်ရိုက်နှက်ခဲ့ကြောင်း၄င်းမှပြောသည်။

ဆက်လက်ပြီး “မိသားစုက သူတို့ကိုယ်တိုင်လာအပ်ပါမယ်ပြောတာတောင်မရဘူး။ အတင်းဆွဲခေါ်သွားတယ်။ အုပ်ကြီးက အဲ့ကောင်ကို ငါကိုယ်တိုင်လုပ်မယ်၊ ရုံးခေါ်ခဲ့ဆိုပြီး ခေါ်သွားတာ ရပ်ကွက်ကိုလည်း မင်းတို့က စစ်တပ်ကိုဆန့်ကျင်တဲ့ကောင်တွေ ငါ့ရုံးဗုံးပေါက်ရင် မင်းတို့ပဲလို့ပြောသွားတယ်။ နောက်တော့ သူတို့က အကြောင်းကြားတယ်။ ဆေးရုံတင်ရမယ်တဲ့။ မိသားစုတွေလိုက်သွားတော့ အဲ့အမျိုးသားက မြောင်းထဲမှာ သွေးလွန်နေပြီး ဆေးရုံမှာ အတွင်းလူနာအနေနဲ့ကုနေရတယ် နံရိုးကျိုးသွားတယ် ခေါင်းနဲ့ လက်တွေမှာ ဒဏ်ရာတွေအများကြီးပဲ”ဟု ၄င်းမှပြောသည်။

ရိုက်နှက်ခံရသူမှာ အသက်၄၅နှစ်အရွယ် ဦးဘုန်းမြင့်ကျော်ဖြစ်ပြီး လွန်ခဲ့သည့် ၁၅နှစ်ခန့်ကတည်းက စိတ်ဝေဒနာခံစားနေရသည်။

“ကျမတို့ရပ်ကွက်မှာက လစဉ်အိမ်တိုင်းကို ကင်းစောင့်ခဆိုပြီး ၅၀၀၀ပေးရတယ်။ သူတို့က ည၉နာရီဆို အမြဲတမ်းမူးနေတာ သောက်စားနေပြီး ဖဲဝိုင်းလဲရှိတယ်”ဟု ရပ်ကွက်နေအမျိုးသမီးတဦးကပြောသည်။

ယခုလိုရိုက်နှက်ခံရသည့်အမျိုးသားကို စစ်ကောင်စီဘက်မှ လာရောက်ဖြေရှင်းခြင်း မရှိဘဲ ရပ်ကွက်ရုံးကို ပိတ်ထားကာ ရှောင်ပြေးနေကျကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး အပြစ်မဲ့ပြည်သူတဦးကို လူမဆန်စွာရိုက်နှက်ခဲ့သူများကို လက်တုန့်ပြန်သွားမည်ဟု ပဲခူးBGF တပ်ဖွဲ့ဝင်တဦးကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly