ဝင်း နှင့် ဇော် လွတ်မြောက်ရေး ဆန္ဒပြပွဲများ ဆက်လုပ်မည်ဟု ဦးပါမောက္ခမိန့်

ဝင်း နှင့် ဇော် လွတ်မြောက်ရေး ဆန္ဒပြပွဲများ ဆက်လုပ်မည်ဟု ဦးပါမောက္ခမိန့်
ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုတွင် မြန်မာနိုင်ငံသားနှစ်ဦး သေဒက်ပေးခံရခြင်းနှင့် ပတ်သက်၍ ဆန္ဒဖော်ထုတ်ပွဲကို ဒီဇင်ဘာလ ၂၉ ရက်က
ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ကွင်းတွင် ကျင်းပနေစဉ်။ (ဓာတ်ပုံ သက်ကို)

ရန်ကုန်၊ ဒီဇင်ဘာ ၂၉ ။ ။ ထိုင်းနိုင်ငံ တောင်ပိုင်း လိပ်ကျွန်းတွင် ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနှင့်ပတ်သက်၍ သေဒဏ်ပေးခံခဲ့ရသည့် မြန်မာနိုင်ငံသားနှစ်ဦး လွတ်မြောက်ရေးအတွက် ဆန္ဒထုတ်ဖော်ပွဲများ ဆက်လက်ပြုလုပ်သွားမည်ဟု မကွေးကျောင်းဆရာတော် ဦးပါမောက္ခက မိန့်ကြားလိုက်သည်။

ဒီဇင်ဘာလ (၂၉)ရက်နေ့က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ဗိုလ်စိန်မှန်ကွင်း၌ ပြုလုပ်သည့် ဆန္ဒထုတ်ဖော်ပွဲတွင် ယခုကဲ့သို့ မိန့်ကြားခဲ့ခြင်း ဖြစ်သည်။

"မျိုးချစ်စိတ်ဓါတ်နဲ့သာ ဘုန်ကြီးတို့ ဒီပွဲကို ကျင်းပရခြင်း ဖြစ်တယ်။ ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့အတွက် တစ်စုံတစ်ရာ ထူးခြားမှုမရှိပါက အခုလိုမျိုး ပွဲမျိုးကို ဘုန်းကြီးတို့ အမျိုးသားတွေ အားလုံး ဆက်တိုက်ဆက်တိုက် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဘုန်းကြီးတို့ နိုင်ငံသားနှစ်ဦးဟာ ပြစ်မှုကျူးလွန်ခြင်းမရှိဘဲနဲ့ ယခုလို သေဒစ်ချမှတ်ခံရခြင်းက ဘုန်းကြီးတို့ နိုင်ငံရဲ့ သြဇာအာဏာမရှိခြင်းကြောင့် ဖြစ်ပါတယ်"ဟု ဆရာတော် ဦးပါမောက္ခက မိန့်သည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို ဒီဇင်ဘာလ ၂၉ရက် မွန်းလွဲ ၁နာရီတွင် စတင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ ၄၀၀ ဝန်းကျင်နှင့် သံဃာတော်များ တက်ရောက်ခဲ့ကြသည်။

ဆန္ဒထုတ်ဖော်ပွဲသို့ လာရောက်ရခြင်းနှင့် ပတ်သက်၍ ဦးနေမျိုးဝေက "ထိုင်းနိုင်ငံမှာ အခုသေဒဏ်အပေးခံရတဲ့ လူနှစ်ယောက်ဟာ မြန်မာဖြစ်စေ၊ ကုလားဖြစ်စေ၊ တရုတ်ဖြစ်စေ မုဒိန်းလူသတ်အစစ်သာ ဖြစ်မယ်ဆိုရင် သေဒဏ်ပေးရုံမက တံတွေးနဲ့ပါ ဝိုင်းမထွေးသင့်ဘူးလား။ အခု ဒီမှာရောက်နေတာက အဲဒါကို သံသယရှိလို့ ထပ်မံစစ်ဆေးစေလိုတဲ့ ဆန္ဒရှိလို့ ဒီသေဒဏ်အမှုကို ပြန်လည်ပြင်ဆင်ဖို့ ထပ်စစ်ဆေးစေလို့တဲ့ ဆန္ဒနဲ့ ရောက်နေတာပါ။ မုဒိန်းလူသတ်တွေကို ကာကွယ်ဖို့ရောက်နေတာမဟုတ်ပါဘူး"ဟု ပြောသည်။

ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွီတရားရုံးမှ လိပ်ကျွန်းလူသတ်မှုတွင် စွပ်စွဲခံမြန်မာနှစ်ဦးအား ဒီဇင်ဘာ လ(၂၄) ရက်နေ့က သေဒဏ်အမိန့် ချမှတ်ခဲ့ခြင်း ဖြစ်ပြီး ယင်းအမိန့်ချမှတ်မှုမှာ တရားမျှတမှု မရှိသည့်အတွက် ပြန်လည် စစ်ဆေးပေးရန် သေဒဏ်မှ ကင်းလွတ်ခွင့်ရရှိရေးရေးအတွက် ရန်ကုန်၊ မန္တလေးနှင့် နယ်စပ်မြို့များအပါ အဝင် မြန်မာနိုင်ငံမြို့ကြီးများတွင် ဆန္ဒထုတ်ဖော်မှုများ ဆက်တိုက် ပြုလုပ်နေကြခြင်းလည်း ဖြစ်သည်။

ဆန္ဒထုတ်ဖော်သူများသည် ဒီဇင်ဘာ ၂၉ရက် မွန်းလွဲ (၂)နာရီတွင် ဗိုလ်စိန်မှန်ကွင်းမှ ရန်ကုန်မြို့ ဒဂုံမြို့နယ် မဟော်ဂနီလမ်းရှိ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးသို့ ချီတက် ဆန္ဒပြကာ အိပ်ဖွင့်ပေးစာ ပေးပို့သွားမည်ဟုလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly