နယ်စပ်တိုက်ပွဲဖြစ်ပြီးနောက် အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်အကြား အပစ်ရပ်ဖို့ သဘောတူ

နယ်စပ်တိုက်ပွဲဖြစ်ပြီးနောက် အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်အကြား အပစ်ရပ်ဖို့ သဘောတူ

နိုဝင်ဘာ ၁၇

အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်အကြား နယ်စပ်တလျှောက်မှာ အစောပိုင်းရက်က ရင်ဆိုင်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တဲ့နောက် နိုဝင်ဘာ ၁၆ ရက်မှာ ရုရှားရဲ့ ကြားဝင်ညှိနှိုင်းမှုနဲ့အတူ နှစ်ဘက်အကြား တိုက်ခိုက်မှုတွေ ရပ်စဲဖို့ သဘောတူညီထားခဲ့တယ်လို့ အာမေးနီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက အသစ်ပေါ်ပေါက်ခဲ့တဲ့ တိုက်ခိုက်မှုတွေအတွင်း မိမိတို့ စစ်သားတစ်ဦး ကျဆုံးခဲ့ပြီး အခြားစစ်သား တစ်ဒါဇင်ခန့် ဖမ်းဆီးခံလိုက်ရကြောင်း အာမေးနီးယားက ပြောပါတယ်။

ယင်းအတွက်ကြောင့် အဓိကရန်ဘက်နှစ်နိုင်ငံအကြား ယမန်နှစ်က အငြင်းပွား တောင်ကုန်းဒေသ နာဂေါ်နို-ကာရာဘက်ခ် အရေးနဲ့ပတ်သက်ပြီး တိုက်ပွဲ ဆင်နွှဲထားခဲ့ပြီးနောက် ယခုအခါ နောက်ထပ် ကြီးမားတဲ့ တိုက်ခိုက်မှုတစ်ခု ထပ်မံ ပေါ်ပေါက်လာနိုင်တဲ့အပေါ် စိုးရိမ်ပူပန်မှုတွေ ဖြစ်စေခဲ့ပါတယ်။

ယမန်နှစ်က အဆိုပါ နှစ်နိုင်ငံအကြား သီတင်းပတ် ခြောက်ပတ်ကြာ ပဋိပက္ခစစ်ပွဲအတွင်း လူပေါင်း ၆,၅၀၀ ကျော် သေဆုံးခဲ့ကာ ယင်းနောက် ရုရှား ကြားဝင်ညှိနှိုင်းတဲ့ သဘောတူညီချက်တစ်ခုကြောင့် တိုက်ခိုက်မှုတွေ ရပ်စဲအဆုံးသတ်ထားခဲ့တာဖြစ်ပါတယ်။ ယင်းနောက်မှာ အာမေးနီးယားတို့ဟာ ဆယ်စုနှစ်များစွာကြာ ထိန်းချုပ်ထားခဲ့တဲ့ နယ်မြေတကြောကို လက်လွှတ်ဆုံးရှုံးထားခဲ့ရပါတယ်။

ယခု ပြီးခဲ့တဲ့ရက်မှာ နှစ်ဘက်အကြား ထိပ်တိုက်တွေ့မှုသစ်တစ်ခု ထပ်မံ ပေါ်ပေါက်ခဲ့ပြီး ယခုတစ်ကြိမ်မှာလည်း ရုရှား ကြားဝင်မှုနဲ့အတူ အပစ်ရပ်စဲခဲ့ကြတာဖြစ်ပါတယ်။

"ရုရှားရဲ့ ကြားဝင်စေ့စပ်မှုအောက်မှာ အာမေးနီးယားရဲ့ အရှေ့ဘက် နယ်စပ်မှာ အပစ်ရပ်စဲဖို့ သဘောတူညီချက်တစ်ခု ရခဲ့ပါတယ်၊ လက်ရှိမှာ အခြေအနေက တော်တော်လေး တည်ငြိမ်နေပါတယ်" ဟု အာမေးနီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ပါတယ်။

တိုက်ခိုက်မှုတွေအတွင်း စစ်သားတစ်ဦး သေဆုံးခဲ့သလို စစ်စခန်းနေရာနှစ်ခုကိုလည်း လက်လွှတ်ဆုံးရှုံးခဲ့ရတယ်လို့ အာမေးနီးယား ဝန်ကြီးဌာနက ပြောခဲ့ပါတယ်။

ဒါ့အပြင် အာမေးနီးယား စစ်သား ၁၂ ယောက်လည်း အဇာဘိုင်ဂျန် စစ်တပ်ရဲ့ ဖမ်းဆီးတာကို ခံခဲ့ရတယ်လို့ ယင်းက ပြောခဲ့ပါတယ်။

နှစ်နိုင်ငံအကြား ထိစပ်နေတဲ့ နယ်စပ်မှာ တိုက်ခိုက်မှုကို မိမိတို့ အရင်စတာမဟုတ်ဘဲ တစ်ဘက်ကသာ အရင်စတာဖြစ်တယ်လို့ နှစ်ဘက်စလုံးက အပြန်အလှန် စွပ်စွဲခဲ့ကြပါတယ်။

"အာမေးနီးယား တပ်ဖွဲ့ဝင်တွေက ကယ်လ်ဘာဂျာနဲ့ လာချင် ခရိုင်တွေမှာ ရှိတဲ့ အဇာဘိုင်ဂျန် စခန်းတွေကို တိုက်ခိုက်ခဲ့တာပါ" လို့ အဇာဘိုင်ဂျန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ယင်းအတွက်ကြောင့် အဇာဘိုင်ဂျန် တပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ပြောခဲ့ပါတယ်။

မိမိတို့ တပ်ဖွဲ့တွေက ရန်သူတွေ တက်လာတာကို တားဆီးနိုင်ခဲ့ပြီး အာမေးနီးယား တပ်ဖွဲ့ဝင်တွေကို ထိန်းသိမ်းနိုင်ခဲ့တယ်လို့ အဇာဘိုင်ဂျန်ဝန်ကြီးဌာနက ပြောခဲ့ပါတယ်။

တဘက်မှာတော့ အဇာဘိုင်ဂျန် တပ်ဖွဲ့တွေက နယ်စပ်ကို ချိုးဖောက်ဝင်ရောက်ဖို့ လုပ်ခဲ့လို့ ပြန်လည် တိုက်ထုတ်ခဲ့ရတာဖြစ်တယ်လို့ အာမေးနီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly