သီးခြားအရှုပ်တော်ပုံနှစ်ခုကြောင့် သြစတြေးလျဝန်ကြီးနှစ်ဦး နှုတ်ထွက်

သီးခြားအရှုပ်တော်ပုံနှစ်ခုကြောင့် သြစတြေးလျဝန်ကြီးနှစ်ဦး နှုတ်ထွက်

ဆစ်ဒနီ၊ ဒီဇင်ဘာ - ၂၉ ။         ။ သီးခြားစီဖြစ်သော အရှုပ်တော်ပုံများကြောင့် သြစတြေးလျအစိုးရအဖွဲ့ဝင် ဝန်ကြီးနှစ်ဦး နှုတ်ထွက်သွားခဲ့သည်။

အစိုးရအမှုထမ်းတစ်ဦးက ဟောင်ကောင်ဘားတစ်ခုတွင် ၎င်း၏ ပြုမူပုံနှင့် ပတ်သက်ပြီး တိုင်တန်းလာသည့်အတွက် အခြေခံအဆောက်အအုံနှင့် ဒေသဖွံ့ဖြိုးမှုဝန်ကြီး ဂျမီ ဘရစ်စ်မှာ နှုတ်ထွက် သွားခဲ့ရသည်။

အခြားနိုင်ငံရေးသမားတစ်ယောက် ကျဆုံးသွားမှုတွင် ၎င်းပါဝင်သည့် အခန်းကဏ္ဍကို ရဲက စုံစမ်းစစ်ဆေးမှုကို ဆိုင်းငံ့ထားမှုဖြင့် ပြည်နယ်အထူးဝန်ကြီး မယ် ဘရော့မှာလည်း ရာထူးမှ နှုတ်ထွက် သွားခဲ့ရသည်။

ရှေ့တန်းအစိုးရအဖွဲ့ ရာထူးနှစ်နေရာကို တစ်ရက်အတွင်း ဖြည့်ဆည်းရမည်ဖြစ်ရာ အာဏာရပြီးနောက်ပိုင်း ဝန်ကြီးချုပ် မယ်လ်ကွန် တန်းဘူးအဖို့ ပထမဆုံး ထိုးနှက်မှုတစ်ခုပင် ဖြစ်သည်။   

နိုဝင်ဘာလနှောင်းပိုင်းက ၎င်း၏ ရုံးအဖွဲ့မှူး၊ အရာရှိအချို့၊ အမျိုးသမီးအမှုထမ်းတို့နှင့်တူ ဟောင်ကောင်သို့ ရောက်ရှိနေစဉ်တွင် ညစာစားပြီးနောက် လူစည်ကားသည့် ဘားတစ်ခုသို့ သွားရောက်ခဲ့သည်ဟု မစ္စတာ ဘရစ်က ပြေကြားခဲ့သည်။

‘မဖွယ်မရာပြုမူဖို့ ရည်ရွယ်ချက်မရှိခဲ့ပါဘူး။ ဥပဒေနဲ့ ငြိစွန်းတာ ဘာတစ်ခုမှ မဖြစ်ခဲ့ပါဘူး’ဟု မစ္စတာဘရစ်က ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။

‘ဒါပေမယ့်လည်း အဲဒီညနေ နောက်ပိုင်းနေ့တွေကျမှ အမျိုးသမီးအမှုထမ်းက ပွဲမှာ သူမအပေါ် ကျနော့်ရဲ့ ပြုမူပုံတွေဟာ ဖွယ်ရာမှု ရှိမရှိ မေးခွန်းထုတ်လာခဲ့ပါတယ်’’ဟုလည်း မစ္စတာဘရစ်က ပြောကြားခဲ့သည်။

‘ကျနော် သူမကို တိုက်ရိုက်ပဲ တောင်းပန်ခဲ့ပါတယ်။ ဒါပေမယ့် သူမတင်လာတဲ့ ပြဿနာကို သေချာစဉ်းစားကြည့်တဲ့အခါ နိုင်ငံခြားခရီးသွားနေတုန်း ညနှောင်းပိုင်းမှာ ဘားတစ်ခုကို ရောက်နေခဲ့တာဆိုတော့ ဒီအပြုအမူဟာ ဝန်ကြီးတွေရဲ့ မြင့်မားတဲ့ စံနှုန်းနဲ့ မကိုက်ညီဘူးလို့ ကျနော် ဆုံးဖြတ်လိုက်ပါတယ်’ဟုလည်း မစ္စတာ ဘရစ်က ထပ်လောင်းပြောကြားခဲ့သည်။

ဖြစ်ကြောင်းကုန်စင်ကို ဝန်ကြီးချုပ် တန်းဘူးကို ပြောပြသည့်အခါတွင်လည်း ဝန်ကြီးချုပ်က မစ္စတာဘရစ်မှာ ဝန်ကြီးများတွင် ရှိသင့်ရှိထိုက်သော အပြုအမူစရိုက်များမရှိဟု ခံစားမိသွားသည်ဟုလည်း မစ္စတာ ဘရစ်က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

သို့ရာတွင် မစ္စတာဘရစ်က မည်သို့မည်ပုံ မဖွယ်မရာဖြစ်ခဲ့သည်ကိုမူ ပြောကြားခြင်းမရှိခဲ့ဘဲ၊ သူ့အား စွပ်စွဲခဲ့သည့် အစိုးရဝန်ထမ်း၏ အမည်ကို ထုတ်ဖော်ပြောကြားရန်ကိုလည်း ငြင်းဆန်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ကာကွယ်ရေးပစ္စည်းနှင့်သိပ္ပံဝန်ကြီး မစ္စတာ ဘရော့မှာလည်း အခြားနိုင်ငံရေးသမားတစ်ယောက်၏ နေ့စဉ်မှတ်တမ်းကို တရားမဝင်ရယူခဲ့သည်ဟူသော သံသယဖြင့် ရဲဌာန၏ စုံစမ်းစစ်ဆေးမှုကို ခံယူနေရသည်။

မစ္စတာဘရော့မှာ ၂၀၁၂ခုနှစ်က လွှတ်တော်ဥက္ကဌဟောင်း ပီတာ စလစ်ပါ၏ နေ့စဉ်မှတ်တမ်း မိတ္တူများကို တရားမဝင်ရယူခဲ့သည်ဟု အစွပ်စွဲခံနေရသည်။ ထိုစဉ်က မစ္စတာ စလစ်ပါမှာ လိင်ညှဉ်းပန်းနှိပ်စက်မှုတစ်ခုတွင် ပါဝင်ပတ်သက်နေခဲ့ပြီး နောက်ပိုင်းတွင်မှ စွဲချက်ကို ပယ်ဖျက်ပေးခဲ့သည်။ မစ္စတာ ဘရော့ကမူ မည်သည့် ဥပဒေချိုးဖောက်မှုမျှ မကျူးလွန်ခဲ့ကြောင်း ငြင်းဆန်ခဲ့သည်။

ရဲက စွဲချက်များကို စုံစမ်းစစ်ဆေးနေစဉ်တွင် ရာထူးမှ ဆင်းပေးခြင်းမှာ မစ္စတာဘရော့အနေဖြင့် မှန်ကန်သည့်အရာကို လုပ်ဆောင်လိုက်ခြင်းပင်ဖြစ်သည်ဟု ဝန်ကြီးချုပ် တန်းဘူးက ကြေညာချက်တစ်ရပ်တွင် ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly