အာဖဂန်နယ်စပ်တလျှောက် အကြမ်းဖက်မှုများ မြင့်တက်လာနိုင်မှုကို စိုးရိမ်ပူပန်ဟု တာဂျစ်ကစ္စတန် ထုတ်ဖော်

By Zee5
17 November 2021
အာဖဂန်နယ်စပ်တလျှောက် အကြမ်းဖက်မှုများ မြင့်တက်လာနိုင်မှုကို စိုးရိမ်ပူပန်ဟု တာဂျစ်ကစ္စတန် ထုတ်ဖော်

အာဖဂန်နစ္စတန်နိုင်ငံနှင့်အကြား နယ်စပ်တလျှောက်ရှိ လက်ရှိအခြေအနေအပေါ် စိုးရိမ်ပူပန်ကြောင်း တာဂျစ်ကစ္စတန်က ထုတ်ဖော်ပြောဆိုခဲ့ပြီး လက်ရှိဖြစ်ပွားနေသည့် အခြေအနေက အကြမ်းဖက်မှု၊ မူးယစ်ဆေးဝါး ကုန်ကူးမှုနှင့် ပြစ်မှုမြောက်သည့် လုပ်ရပ်များ ပေါ်ပေါက်မှုအပိုင်းတွင် မြင့်တက်လာနိုင်သည့် ထပ်တိုးအန္တရာယ်တစ်ခုကို ဖြစ်ပေါ်စေလျက် ရှိကာ နယ်စပ်သည် ဆက်လက်ရှုပ်ထွေးနေဆဲဖြစ်ကြောင်း ပြောခဲ့သည်။

"ကျွန်တော်တို့ဟာ အာဖဂန်နစ္စတန်နဲ့အကြား ရှည်လျားတဲ့ နယ်စပ်တစ်ခု ထိစပ်နေပါတယ်၊ တာဂျစ်-အာဖဂန်နယ်စပ်တွေရဲ့ အခြေအနေက ဆက်ပြီး ရှုပ်ထွေးနေပါတယ်" ဟု တာဂျစ်ကစ္စတန်၏ လုံခြုံရေးကောင်စီ၏ အတွင်းရေးမှူး နက်စ်ရူလို ရာမက်ဂျွန် မာမွတ်ဇိုဒါက နိုဝင်ဘာ ၁၀ ရက် ဒေလီတွင် ပြုလုပ်သည့် အာဖဂန်ဆိုင်ရာ ဒေသတွင်း လုံခြုံရေးအစည်းအဝေးတွင် ပြောခဲ့သည်။

အိမ်နီးချင်းနိုင်ငံဖြစ်သည့် တာဂျစ်ကစ္စတန်အနေဖြင့် အာဖဂန်နစ္စတန်ပြည်သူများကို ကူညီနိုင်မည့် အစီအစဥ် အားလုံးတွင် ပါဝင်ရန် အသင့်ရှိကြောင်း ၎င်းက ပြောခဲ့သည်။

နယူးဒေလီတွင် ပြုလုပ်သည့် အာဖဂန်နစ္စတန်ဆိုင်ရာ ဒေသတွင်း အစည်းအဝေးသို့ ရုရှား၊ အီရန်တို့နှင့်အတူ တာဂျစ်ကစ္စတန်၊ ကာဂျစ်စတန်၊ ကာဇက်စတန်၊ ဥဇဘတ်ကစ္စတန်နှင့် တာ့ခ်မန်နစ္စတန် စသည့် ဗဟိုအာရှ ငါးနိုင်ငံ၏ လုံခြုံရေးကောင်စီ အတွင်းရေးမှူးများ သို့မဟုတ် အမျိုးသားလုံခြုံရေးအကြံပေးများ တက်ရောက်ခဲ့ကြသည်။

"အာဖဂန်နစ္စတန်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ဖြေရှင်းချက်နည်းလမ်း ရှာဖို့နဲ့ ဒီဒေသမှာ ငြိမ်းချမ်းရေး ထူထောင်ဖို့အတွက် ဒီ အစည်းအဝေးက ကျွန်တော်တို့ကို အခွင့်အလမ်းတစ်ရပ် ပေးပါတယ်" ဟု တာ့ခ်မန်နစ္စတန်၏ လုံခြုံရေးကောင်စီမှ အတွင်းရေးမှူး ချာရိုင်ရတ် အေမန်နော့ဗ်က အမျိုးသားလုံခြုံရေးအကြံပေး လယ်ဗယ်အဆင့် ထိုအစည်းအဝေးတွင် ပြောခဲ့သည်။

အာဖဂန်နစ္စတန် အရေးကိစ္စနှင့်ပတ်သက်ပြီး ဒေသတွင်း နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန် ဆွေးနွေးမှု၊ ညှိနှိုင်းချိတ်ဆက်ဆောင်ရွက်မှုတို့ကို ပိုမိုတိုးမြှင့်ရေးအတွက် ထိုအစည်းအဝေး၌ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည့်အဂျစ် ဒိုဗယ်က တောင်းဆိုခဲ့သည်။

"ကျွန်တော်တို့ဟာ အာဖဂန်နစ္စတန်နဲ့ပတ်သက်တဲ့ ကိစ္စတွေကို ဆွေးနွေးဖို့ ဒီနေ့မှာ တွေ့ဆုံကြတာဖြစ်ပါတယ်၊ အဲဒီ နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ ကျွန်တော်တို့အားလုံး အထူးတလည် စောင့်ကြည့်ထားခဲ့ကြပါတယ်၊ ဒါတွေက အာဖဂန်နစ္စတန် ပြည်သူတွေအတွက်သာမကပဲ သူတို့ရဲ့ အိမ်နီးချင်းတွေနဲ့ ဒေသအပေါ်မှာပဲ အရေးကြီးတဲ့ ဂယက်ရိုက်မှုတွေ ရှိပါတယ်" ဟု ဒိုဗယ်က ပြောသည်။

"ဒေသတွင်း နိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန် ဆွေးနွေးမှု၊ ညှိနှိုင်းချိတ်ဆက်ဆောင်ရွက်မှုတို့ကို ပိုမိုတိုးမြှင့်ရေးအတွက် ကျွန်တော်တို့အကြား နီးနီးကပ်ကပ် ဆွေးနွေးတိုင်ပင်ရမယ့် အချိန်ဖြစ်ပါတယ်၊ ကျွန်တော်တို့ရဲ့ စဥ်းစားဆင်ခြင်မှုတွေက အကျိုးရှိ အသုံးဝင်ပြီးတော့ အာဖဂန်နစ္စတန် ပြည်သူတွေကို ကူညီထောက်ကူနိုင်ပြီး ကျွန်တော်တို့ရဲ့ စုစည်းညီညွတ်တဲ့ လုံခြုံရေးကို မြှင့်တင်နိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်" ဟု ၎င်းက ပြောသည်။

အစည်းအဝေးတွင် အာဖဂန်နစ္စတန်၌ မကြာသေးခင်က ဖြစ်ပေါ်ခဲ့သည့် အခြေအနေများကနေတဆင့် ပေါ်ထွက်လာသည့် ဒေသတွင်း လုံခြုံရေးအခြေအနေနှင့်ပတ်သက်ပြီး နိုင်ငံများက လေ့လာသုံးသပ်ကြလိမ့်မည်ဖြစ်ကြောင်း ပြည်ပရေးရာ ဝန်ကြီးဌာနက ထုတ်ဖော်သည်။ ယင်းသည် ၂၀၁၈ နှင့် ၂၀၁၉ တွင် တီဟီရန်က စတင်ခဲ့သည့် ပုံစံတစ်ခုကို ဆက်လက်လုပ်ဆောင်ခြင်း ဖြစ်သော်လည်း ယခုတကြိမ် ဆွေးနွေးမှုသည် နိုင်ငံခုနစ်နိုင်ငံအထိ အမြင့်ဆုံး ပူးပေါင်းပါဝင်မှုကို မြင်ရလိမ့်မည်ဖြစ်သည်။

ယခု ဆွေးနွေးမှုသည် ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထောက်ပံ့အားပေးရင်း အာဖဂန်ပြည်သူများကို ထောက်ကူရန်နှင့် သက်ဆိုင်ရာ လုံခြုံရေးစိန်ခေါ်ချက်များကို ကိုင်တွယ်ဖြေရှင်းရန် အစီအမံများကို စဥ်းစားသွားလိမ့်မည်ဖြစ်ကြောင်း ပြည်ပရေးရာ ဝန်ကြီးဌာနက ထုတ်ဖော်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly