အိန္ဒိယက ကြီးမှူးပြုလုပ်သည့် အာဖဂန်ဆိုင်ရာ ဒေသတွင်းအစည်းအဝေးအပေါ် အကောင်းမြင်ထားဟု တာလီဘန်တို့ ထုတ်ဖော်

By The New Indian Express
17 November 2021
အိန္ဒိယက ကြီးမှူးပြုလုပ်သည့် အာဖဂန်ဆိုင်ရာ ဒေသတွင်းအစည်းအဝေးအပေါ် အကောင်းမြင်ထားဟု တာလီဘန်တို့ ထုတ်ဖော်

အိန္ဒိယနိုင်ငံက အိမ်ရှင်အဖြစ် ကမကထပြု ကျင်းပခဲ့သည့် အာဖဂန်နစ္စတန်ဆိုင်ရာ ဒေသတွင်း အစည်းအဝေးတစ်ခုအပေါ် အကောင်းမြင်ပြီး ယုံကြည်မှုရှိကြောင်း တာလီဘန်တို့က နိုဝင်ဘာ ၁၀ ရက်တွင် ထုတ်ဖော်ခဲ့သည်။

တာလီဘန် ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ်က ကဘူးလ်မြို့ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် အဆိုပါ အစည်းအဝေးနှင့်ပတ်သက်ပြီး ရည်ညွှန်းပြောကြားခဲ့စဥ် အစ္စလမ္မစ် စော်ဘွားနိုင်ငံအနေဖြင့် ယင်းအပေါ် အကောင်းမြင်ထားသည်ဟု ပြောခဲ့သည်ဟု Tolo News က ဖော်ပြသည်။

နိုဝင်ဘာ ၁၀ ရက်က အာဖဂန်နစ္စတန်အရေးနှင့်ပတ်သက်ပြီး အမျိုးသားလုံခြုံရေးအကြံပေးအရာရှိများ လယ်ဗယ် အစည်းအဝေးတစ်ခုကို အိန္ဒိယ၏ အမျိုးသားလုံခြုံရေးအကြံပေး အဂျစ် ဒိုဗယ်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ နယူးဒေလီတွင် ပြုလုပ်သည့် ထိုအစည်းအဝေးသို့ ရုရှားနှင့် အီရန်အပြင် တာဂျစ်ကစ္စတန်၊ ကာဂျစ်စတန်၊ ကာဇက်စတန်၊ ဥဇဘတ်ကစ္စတန်နှင့် တာ့ခ်မန်နစ္စတန် စသည့် ဗဟိုအာရှ ငါးနိုင်ငံ၏ လုံခြုံရေးကောင်စီ အတွင်းရေးမှူးများ သို့မဟုတ် အမျိုးသားလုံခြုံရေးအကြံပေးများ တက်ရောက်ခဲ့ကြသည်။

အာဖဂန်နစ္စတန် အရေးကိစ္စနှင့်ပတ်သက်ပြီး ဒေသတွင်း နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန် ဆွေးနွေးမှု၊ ညှိနှိုင်းချိတ်ဆက်ဆောင်ရွက်မှုတို့ကို ပိုမိုတိုးမြှင့်ရေးအတွက် အဂျစ် ဒိုဗယ်က တောင်းဆိုခဲ့သည်။ "ကျွန်တော်တို့ဟာ အာဖဂန်နစ္စတန်နဲ့ပတ်သက်တဲ့ ကိစ္စတွေကို ဆွေးနွေးဖို့ ဒီနေ့မှာ တွေ့ဆုံကြတာဖြစ်ပါတယ်၊ အဲဒီ နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ ကျွန်တော်တို့အားလုံး အထူးတလည် စောင့်ကြည့်ထားခဲ့ကြပါတယ်၊ ဒါတွေက အာဖဂန်နစ္စတန် ပြည်သူတွေအတွက်သာမကပဲ သူတို့ရဲ့ အိမ်နီးချင်းတွေနဲ့ ဒေသအပေါ်မှာပဲ အရေးကြီးတဲ့ ဂယက်ရိုက်မှုတွေ ရှိပါတယ်" ဟု ဒိုဗယ်က ပြောသည်။

"ဒေသတွင်း နိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန် ဆွေးနွေးမှု၊ ညှိနှိုင်းချိတ်ဆက်ဆောင်ရွက်မှုတို့ကို ပိုမိုတိုးမြှင့်ရေးအတွက် ကျွန်တော်တို့အကြား နီးနီးကပ်ကပ် ဆွေးနွေးတိုင်ပင်ရမယ့် အချိန်ဖြစ်ပါတယ်၊ ကျွန်တော်တို့ရဲ့ စဥ်းစားဆင်ခြင်မှုတွေက အကျိုးရှိ အသုံးဝင်ပြီးတော့ အာဖဂန်နစ္စတန် ပြည်သူတွေကို ကူညီထောက်ကူနိုင်ပြီး ကျွန်တော်တို့ရဲ့ စုပေါင်း လုံခြုံရေးကို မြှင့်တင်နိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်" ဟု ၎င်းက ပြောသည်။

အာဖဂန် အရေးကိစ္စနှင့်ပတ်သက်ပြီး ဒေသတွင်းနိုင်ငံများမှ လုံခြုံရေးကောင်စီအတွင်းရေးမှူးများ၏ ဘက်ပေါင်းစုံ အစည်းအဝေးများသည် အရေးကြီးသည့် ပုံစံတစ်ခုဖြစ်သလို အာဖဂန်နစ္စတန်ရှိ ဖြစ်ပေါ်ပြောင်းလဲနေသော အခြေအနေနှင့် ဆက်နွယ်သည့် ကိစ္စရပ်များအားလုံးနှင့်ပတ်သက်ပြီး အဆင့်မြင့်လယ်ဗယ်ဖြင့် ဆွေးနွေးရန် မိမိတို့ကို အကူအညီဖြစ်စေကြောင်း ရုရှားနိုင်ငံ၏ လုံခြုံရေးကောင်စီ အတွင်းရေးမှူး နီကိုလိုင် ပတ်ထရူရှက်ဗ်က အစည်းအဝေးတွင် ပြောခဲ့သည်။

"ဒါက အာဖဂန် နယ်နိမိတ်ကနေ အစပြု ထွက်လာမယ့် စိန်ခေါ်မှုတွေ၊ ခြိမ်းခြောက်မှုတွေကို တုန့်ပြန်ဖို့ လက်တွေ့ကျတဲ့ အစီအမံတွေကို အသေးစိတ်စီစဥ်ရာမှာ ကျွန်တော်တို့ကို အကူအညီဖြစ်စေပါလိမ့်မယ်" ဟု ပတ်ထရူရှက်ဗ်က ပြောသည်။ အာဖဂန်နစ္စတန် ရှုထောင့်ဖြင့် နိုင်ငံတကာနှင့် ဒေသတွင်း သက်ဆိုင်သူများ၏ လှုပ်ရှားလုပ်ဆောင်မှုများ တိုးမြှင့်ရန်နှင့် ပုံစံသစ်များ ဖန်တီးရန်လည်း ၎င်းက မှတ်ချက်ပြုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly