ပါကစ္စတန်အစိုးရက ပိတ်ပင်ထားသည့် TLP ပါတီကို ရွေးကောက်ပွဲ ယှဥ်ပြိုင်ခွင့်ပြုထားဟု ဆို

By Islam Khabar
17 November 2021
ပါကစ္စတန်အစိုးရက ပိတ်ပင်ထားသည့် TLP ပါတီကို ရွေးကောက်ပွဲ ယှဥ်ပြိုင်ခွင့်ပြုထားဟု ဆို

ပါကစ္စတန်နိုင်ငံတွင် တရားမဝင်ကြောင်း ပိတ်ပင်တားမြစ်ခံထားရသည့် လက်ယာစွန်း အစ္စလမ္မစ်ပါတီ Tehreek-i-Labbaik Pakistan (TLP) သည် အစိုးရနှင့် ကာလကြာ ပဋိပက္ခရှိနေခဲ့ပြီးနောက် ယခုအခါ လာမည့် ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဥ်ပြိုင်နိုင်ဖွယ် ရှိနေသည်ဟု သိရသည်။

အပိတ်ခံထားရသည့် TLP ပါတီကို "ရန်လိုသည့် ပိတ်ပင်ခံ အဖွဲ့အစည်း" တစ်ခုအဖြစ် သတ်မှတ်ခဲ့ပြီးနောက် တစ်ပတ်မပြည့်မီမှာပင် ယင်းဆုံးဖြတ်ချက် ထွက်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုအခါ TLP ကို လာမည့် အထွေထွေရွေးကောက်ပွဲများ၌ ဝင်ပြိုင်ရန် ခွင့်ပြုပေးထားပြီးဖြစ်ကြောင်းနှင့် ယင်းအဖွဲ့အပေါ် ချမှတ်ထားသည့် ပိတ်ပင်ချက်ကို အစိုးရဘက်က ပြန်ရုပ်သိမ်းပေးမည်ဟု အာမခံချက်ပေးထားကြောင်း ပါကစ္စတန် အူရဒူ သတင်းကွန်ရက် Samaa TV က ဖော်ပြသည်။ လုပ်ငန်းစဥ် ချမှတ်လမ်းညွှန်ပေးသော အဖွဲ့တစ်ခုက သဘောတူညီချက်ကို စီမံဆောင်ရွက်လိမ့်မည်ဟု ယင်းသတင်းက ဖော်ပြသည်။

တချိန်တည်းမှာပင် အစိုးရနှင့် အဆိုပါ ပိတ်ပင်တားမြစ်ခံ မွတ်ဆလင် အဖွဲ့အုပ်စုအကြား သဘောတူညီချက်ကို "အစိုးရ၏ အညံ့ခံမှု" တစ်ခုအဖြစ် ပါကစ္စတန်ပြည်သူ့ပါတီ (PPP) က ရည်ညွှန်းပြောဆိုခဲ့ပြီး ထိုသဘောတူညီချက်နှင့်ပတ်သက်ပြီး ပြည်သူများသို့ လူသိရှင်ကြားထုတ်ဖော်ရန် အစိုးရကို တိုက်တွန်းထားကြောင်း မီဒီယာသတင်းဖော်ပြချက်တစ်ခုအရ သိရသည်။

တရားမဝင်ကြောင်း ကြေညာခံထားရသည့် TLP ၏ သီတင်းပတ်များနှင့်ကြာ ဆန္ဒပြမှုများနောက်ပိုင်း အစိုးရသည် မကြာသေးခင်က ယင်းအဖွဲ့နှင့်အကြား သဘောတူညီချက်တစ်ခု ရရှိခဲ့သည်ဟု သိရသည်။ TLP သည် ယင်း၏ အကြီးအကဲ ဆာအိဒ် ရစ်ဇ်ဗီအား ပြန်လွှတ်ပေးရန် အစိုးရကို တိုက်တွန်းလျက် ရှိသည်။

သီတင်းနှစ်ပတ်နီးပါးကြာ ထွက်ပေါက်မရှိသည့် အခြေအနေကို အဆုံးသတ်နိုင်ရန် အလို့ငှာ TLP နှင့် အကြား 'သဘောတူညီချက်' တစ်ခု ရရှိခဲ့ပြီဟု အစိုးရဘက်မှ ညှိနှိုင်းဆွေးနွေးသည့်အဖွဲ့တွင် ပါဝင်သူများက ကြေညာခဲ့ပြီးနောက် တစ်ရက်အကြာတွင် PPP ဆိနိတ်တာသုံးဦးက သီးခြားထုတ်ပြန်ချက်များ ထုတ်ပြန်ပြီး အစိုးရနှင့် TLP အကြား သဘောတူညီချက်ကို အများပြည်သူသို့ ထုတ်ဖော်ရေး တောင်းဆိုချက် ထွက်ရှိလာခဲ့ခြင်းဖြစ်သည်။

သို့သော် နောက်ထပ် မည်သည့်အသေးစိတ်အချက်အလက်မှ ထွက်ရှိလာခြင်း မရှိပေ။ သဘောတူညီချက်ကို လျှို့ဝှက်ထားခြင်း၏ နောက်ကွယ်မှ အကြောင်းရင်းကို မေးခွန်းထုတ်ရင်း PPP ခေါင်းဆောင်များက ပြောကြားရာတွင် ပါကစ္စတန်ပြည်သူများနှင့် ၎င်းတို့၏ ရွေးချယ်တင်မြှောက်ထားသော ကိုယ်စားလှယ်များသည် အသေးစိတ်အချက်အလက်များကို သိပိုင်ခွင့်ရှိသည်ဟု ပြောခဲ့ကြသည်။

လျှို့ဝှက် လက်မှတ်ထိုးထားသည့် သဘောတူညီချက်ပါ အကြောင်းအရာများကို ထုတ်ဖော်အသိပေးရန် ပါကစ္စတန် အတိုက်အခံပါတီက တောင်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly