တရုတ်စစ်သင်္ဘောများ၌ ဂျာမနီ အင်ဂျင်နည်းပညာများ တွေ့ရှိ

By DW
17 November 2021
တရုတ်စစ်သင်္ဘောများ၌ ဂျာမနီ အင်ဂျင်နည်းပညာများ တွေ့ရှိ

တရုတ်ရေတပ်မှ စစ်သင်္ဘောအမျိုးအစားအများအပြားကို ဂျာမနီထုတ်လုပ်သူများမှ ပြုလုပ်ပေးထားသော သို့မဟုတ် တည်ဆောက်ထားသော အင်ဂျင်များဖြင့် မောင်းနှင်ကြကြောင်း စုံစမ်းသိရှိရမှုအား အများပိုင် ရုပ်သံလွှင့်ဌာန ARD နှင့် Welt am Sonntag သတင်းစာက နိုဝင်ဘာ ၆ ရက်တွင် ဖော်ပြခဲ့သည်။

ပါဝင်သည့် ကုမ္ပဏီနှစ်ခုမှာ ဖရစ်ဒရစ်ရှ်ဟာဖန်မြို့ရှိ MTU နှင့် Volkswagen လက်အောက်ခံ MAN ၏ ပြင်သစ်ဌာနခွဲတို့ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကုမ္ပဏီနှစ်ခုစလုံးက ၎င်းတို့သည် ပို့ကုန်ထိန်းချုပ်ရေးစည်းမျဉ်းများကို အမြဲလိုက်နာခဲ့ကြောင်းနှင့် ၎င်းတို့သည် တရုတ်စစ်တပ်နှင့်ပတ်သက်သည်ကို အများပြည်သူဆိုင်ရာမှတ်တမ်းတွင် ထည့်သွင်းထား ကြောင်း မီဒီယာများသို့ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံတွင် MTU ၏အင်ဂျင်ပေးပို့ခြင်းဆိုင်ရာအသေးစိတ်အချက်အလက်များကို Stockholm International Peace Research Institute (SIPRI) ၏ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန် ကြေညာထားသည်ကို တွေ့ရှိခဲ့သည်။

တရုတ်နိုင်ငံတွင် အနည်းဆုံး ၂၀၂၀ ပြည့်နှစ်အထိ MTU သည် လိုင်စင်ရ ထုတ်လုပ်ရေးစက်ရုံမှတစ်ဆင့် Luyang III အတန်းအစား ဖျက်သင်္ဘောများအတွက် အင်ဂျင်များကို ပုံမှန် ရရှိအောင် ဆောင်ရွက်ပေးရမည်ဟု SIPRI ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ထို့အပြင် MTU သည် တရုတ်နိုင်ငံ၏ Song အတန်းအစားရေငုပ်သင်္ဘောများတွင် အသုံးပြုသည့် အင်ဂျင်များကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

သို့သော် ကုမ္ပဏီ၏ရုံးချုပ်များက ၎င်းတို့သည် ရေငုပ်သင်္ဘောများအတွက် အင်ဂျင်များ ထောက်ပံ့ပေးနေမှုကို ပြတ်ပြတ်သားသား ရပ်တန့်လိုက်ပြီဟု ARD နှင့် Welt am Sonntag တို့အား ပြောကြားခဲ့သည်။

သို့သော် ၂၀၁၀ ခုနှစ်တွင် တရုတ်နိုင်ငံ၌ ဖက်စပ်လုပ်ငန်းတစ်ခု တည်ထောင်ပြီးနောက် ထိုအချိန်က Tognum ဟုလူသိများသော ကုမ္ပဏီ၏ အကြီးအကဲသည် တရုတ်ရေတပ်နှင့် ကမ်းခြေစောင့်တပ်အတွက် သင်္ဘောအင်ဂျင်များ ပေးပို့ခဲ့ကြောင်း မှတ်ချက်ပြုခဲ့သည်။

တရုတ်နိုင်ငံ၏ စစ်သင်္ဘောများတွင် တပ်ဆင်ထားသည့် MTU အင်ဂျင်သည် ပို့ကုန်လိုင်စင်မလိုအပ်သော ၂ မျိုးသုံးနည်းပညာဟု SIPRI မှ မှတ်ချက်ပြုသည်။

Cologne အခြေစိုက် ရှေ့နေနှင့် ပို့ကုန်ကျွမ်းကျင်သူ စီဘက်စတီယန်ရော့စနာက "အီးယူက တရုတ်နိုင်ငံအပေါ် လက်နက်ရောင်းချမှု ပိတ်ပင်တာဟာ ဥရောပသဘောတူညီချက်တွေနဲ့အညီ တရားဝင် ဆုံးဖြတ်ခဲ့တာ မဟုတ်လို့ တရုတ်ရေတပ်အတွက် အချို့သင်္ဘောအင်ဂျင်တွေတင်ပို့မှုတွေကို ခွင့်ပြုပေးနိုင်ပါတယ်။ ဒါကို ပြောင်းလဲချင်တယ်ဆိုရင်တော့ အီးယူက ၂ မျိုးသုံးစည်းမျဉ်းဒါမှမဟုတ် လက်နက်ရောင်းချမှု ပိတ်ပင်မှုကို ပြင်ဆင်ရမှာ ဖြစ်ပါတယ်” ဟု ဂျာမနီ၏ ARD ပြည်သူ့အသံလွှင့်ဌာနသို့ ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly