တရုတ်စစ်တပ်နှင့်ဆက်နွှ ယ်သည်ဆိုသော ကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံမှုတားမြစ်ခြင်းကို သမ္မတဂျိုးဘိုင်ဒင် သက်တမ်းတိုး

တရုတ်စစ်တပ်နှင့်ဆက်နွှ ယ်သည်ဆိုသော ကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံမှုတားမြစ်ခြင်းကို သမ္မတဂျိုးဘိုင်ဒင် သက်တမ်းတိုး

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် တရုတ်စစ်တပ်နှင့် ဆက်စပ်မှုရှိသည်ဟု စွပ်စွဲခံထားရသော တရုတ်ကုမ္ပဏီများတွင် အမေရိကန်ရင်းနှီးမြှုပ်နှံမှုများကို ဟန့်တားသည့် တားမြစ်ချက်အား နိုဝင်ဘာ ၉ ရက်က သက်တမ်းတိုးလိုက်သည်။

" တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာသူ့ရဲ့စစ်တပ်၊ ထောက်လှမ်းရေးနဲ့ အခြားလုံခြုံရေးဆိုင်ရာ ကိရိယာတွေ ဖွံ့ဖြိုးတိုးတက်ပြီး ခေတ်မီအောင် လုပ်ဆောင်နိုင်ဖို့နဲ့ အရင်းအမြစ်စီမံဖို့ အမေရိကန် အရင်းအနှီးငွေကို အတိုးချ အမြတ်ထုတ်နေပြီး ဒါဟာအမေရိကန်ပြည်ထောင်စုရဲ့ ပြည်တွင်းနှင့် ပြည်ပက အမေရိကန်အင်အားစုတွေကို တိုက်ရိုက်ခြိမ်းခြောက်ဖို့ တရုတ်ကို ဆက်လက်ခွင့်ပြုနေတာပဲ ဖြစ်ပါတယ်” ဟု အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီထံ ဘိုင်ဒင်ရေးသားသော စာ၌ ဖော်ပြထားည်။

သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် သမ္မတအမိန့်ဖြင့် ပထမဆုံးကြေညာခဲ့သော ဤတားမြစ်ချက်သည် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့အလွန်ထိ ဆက်လက် အသက်ဝင်မည်ဖြစ်ကြောင်း ဘိုင်ဒင်က ပြောကြားခဲ့သည်။

ဘိုင်ဒင်က တရုတ်ကုမ္ပဏီ ၁ ဒါဇင်နီးပါးနှင့် ၎င်းတို့၏ လုပ်ငန်းခွဲများကို တားမြစ်စာရင်းတွင် ထည့်သွင်းခဲ့သည့် ဇွန်လစာရင်းတိုးချဲ့မှုအပြီး လုပ်ဆောင်လိုက်သော ယခု တားမြစ်ချက်သက်တမ်းတိုးမှုကြောင့် စုစုပေါင်း နာမည်ပျက်စာရင်းသွင်းခံရသည့် ကုမ္ပဏီအရေအတွက်မှာ ၅၉ ခုအထိ ရှိခဲ့သည်။ ထပ်ဆောင်းစာရင်းများတွင် တရုတ်အထွေထွေနျူကလီးယား စွမ်းအင်ကော်ပိုရေးရှင်းနှင့် ပလပ်စတစ်ပိုက်ထုတ်လုပ်သည့် Aerosun ကော်ပိုရေးရှင်းတို့ ပါဝင်သည်။

အမေရိကန်ရင်းနှီးမြှုပ်နှံသူများသည် အမေရိကန်ဈေးကွက်များရှိ အမည်ပျက်စာရင်းသွင်းထားသော ကုမ္ပဏီများတွင် အစုရှယ်ယာအသစ်များ ဝယ်ယူခြင်းမပြုရန် တားမြစ်ခံထားရပြီး လက်ရှိ ထည့်ဝင် ထားမှုများကို ဖျက်သိမ်းရန် အချိန် ၁ နှစ်ရထားသည်။

ဘိုင်ဒင်အစိုးရသည် တရုတ်နိုင်ငံအပေါ် သဘောထားတင်းမာသော ချဉ်းကပ်မှုကို ဆက်လက်လုပ်ဆောင် လျက်ရှိသည်။

တရုတ်အစိုးရသည် စစ်တပ်နှင့် ထောက်လှမ်းရေးလုပ်ငန်းများကို ပံ့ပိုးရန် အရပ်ဘက်တရုတ်ကုမ္ပဏီများအား ဖိအားပေးနိုင်ရေးအတွက် ၎င်း၏စစ်ဘက်-အရပ်ဘက်ပေါင်းစပ်မှု အမျိုးသားရေးဗျူဟာကို အသုံးပြုနေသည်ဟု သမ္မတဘိုင်ဒင်က နိုဝင်ဘာ ၉ ရက်က ပေးပို့သောစာတွင် ပြောဆိုထားသည်။

"အဲဒီကုမ္ပဏီတွေဟာ အပြင်ပန်းအနေနဲ့ ပုဂ္ဂလိကနဲ့ အရပ်သားအဖြစ် ရှိနေပေမယ့် တရုတ်နိုငံရဲ့ စစ်ရေး၊ ထောက်လှမ်းရေးနဲ့ လုံခြုံရေးကိရိယာတွေကို တိုက်ရိုက်ပံ့ပိုးပေးနေတာပါ" ဟု ဘိုင်ဒင်က ထပ်လောင်းပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly