ရခိုင်အမျိုးသမီးများ နိုင်ငံရေးတွင် ပါဝင်မှု နည်းနေသေးဟု ရခိုင်အမျိုးသမီးများအစည်းအရုံးပြော

ရခိုင်အမျိုးသမီးများ နိုင်ငံရေးတွင် ပါဝင်မှု နည်းနေသေးဟု ရခိုင်အမျိုးသမီးများအစည်းအရုံးပြော

စစ်တွေ၊ ဒီဇင်ဘာ ၂၉ ။ ။ ရခိုင်အမျိုးသမီးများ အစည်းအရုံး(RWU)မှ ဒီဇင်ဘာလ ၂၀ ရက်က ပြုလုပ်သော ဗဟိုကော်မတီအစည်းအဝေးတွင် ရခိုင်အမျိုးသမီးများ ပါလီမန်ထဲ၌ ပါဝင်နိုင်ရေးနှင့် နိုင်ငံရေးပါတီ၊ လူမှုအဖွဲ့အစည်း အဆင့်ဆင့်၌ ဆုံးဖြတ်ချက်ချသည့် အဆင့်များတွင် ပါဝင်နိုင်ရေးများကို ကြိုးစားသွားမည်ဟု ဒုဥက္ကဋ္ဌ ဒေါ်စောစံငြိမ်းသူက ပြောကြားသည်။

“နိုင်ငံရေးမှာ အမျိုးသမီးများ ပါဝင်နိုင်မူက တိုးတက်မှု ရှိတယ်ဆိုပေမဲ့ အားကောင်းလာတာကိုတော့ မြင်ပါတယ်၊ ဒါပေမဲ့ ရာခိုင်နှုန်းအရ တွက်ချက်မယ် ဆိုရင် အများကြီးအားနည်းနေပါသေးတယ်။ ပါလီမန်ထဲမှာဆိုရင်လည်း အမျိုးသမီးများနည်းနေသေးတယ်၊ ပြီးတော့ တစ်ဖက်နိုင်ငံရေးပါတီတွေမှာလည်း ဦးဆောင်မှုအခန်းကဏ္ဍမှာ တချို့အမျိုးသမီးတွေက ပါဝင်မှုရနေရင်တောင် အရေအတွက်အရ တွက်ကြည့်လိုက်မယ်ဆိုရင် အားနည်းနေသေးတာကို တွေ့ရတယ်၊ ဘာပဲဖြစ်ဖြစ် လက်ရှိအနေအထားအရ၊ ခေတ်ရေစီးကြောင်းအရ အမျိုးသမီးများ ပါဝင်ဖို့လိုအပ်တယ်ဆိုတာကို အမျိုးသားတွေကပါ လက်ခံလာတဲ့ အနေအထားကတော့ တိုးတက်မှုတစ်ခုလို့ ယူဆလို့ရပါတယ်။ " ဟု ၎င်းကဆိုသည်။

လက်ရှိအခြေနေအရ အမျိုးသမီးများသည် နိုင်ငံလူဦးရေ၏ တစ်ဝက်ကျော်ရှိသည့်အနက် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အခန်းကဏ္ဍများတွင် ပါဝင်လာခြင်းအားဖြင့် တိုင်းပြည်၏ တိုးတက်ကောင်းမွန်သည့် လမ်းကြောင်းကို ရောက်နိုင်မည်ဖြစ်ကြောင်း ဒေါ်စောစံငြိမ်းသူက ပြောကြားခဲ့သည်။

ရခိုင်အမျိုးသမီးများ အစည်းအရုံးအနေနှင့် နိုင်ငံရေးစွမ်းရည်မြှင့်တင်ရေး လုပ်ငန်းစဉ်တစ်ခုကို ချက်မှတ်ထားပြီး ရခိုင်ပြည်နယ် (၁၈) မြို့နယ်တွင် ရုံးခွဲများဖွင့်လှစ်ကာ ရခိုင်ပြည်ရှိအမျိုးသမီးများအား နိုင်ငံရေး အသိပညာသင်တန်းနှင့် အခြားအသိပညာ ဗဟုသုတများကိုလည်း သင်ကြားပေးသွား မည်ဖြစ်ကြောင်း အဆိုပါအစည်းဝေးတွင် ဆွေးနွေးခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly