သထုံမြို့နယ်တွင် Mytel တာဝါတိုင်ကို MTHSF ဖောက်ခွဲဖျက်ဆီး

သထုံမြို့နယ်တွင် Mytel တာဝါတိုင်ကို MTHSF ဖောက်ခွဲဖျက်ဆီး

နိုဝင်ဘာ ၁၆

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် စစ်ကောင်စီတပ်ပိုင် Mytel ဆက်သွယ်ရေး တာဝါတိုင်ကို ယနေ့ နိုဝင်ဘာလ ၁၆ ရက် မွန်းလွဲပိုင်း ၁၂ နာရီ မိနစ် ၄၀ တွင် မိုင်းဆွဲဖျက်ဆီးခဲ့ကြောင်း မွန်သထုံ အထူးကာကွယ်ရေးအဖွဲ့ (MTHSF) တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို အတည်ပြု ပြောသည်။

သထုံမြို့နယ် တောင်ဘက်ခြမ်း၊ ကျုံမိန်ကျေးရွာနှင့် ဆူးအင်းကျေးရွာအကြားရှိ ရာဘာခြံဝန်းထဲရှိသော တာဝါတိုင်ကို မိုင်းဆွဲခဲ့ရာ တာဝါတိုင် အောက်ခြေရှိ စက်ပစ္စည်းများ ပျက်စီးသွားသည်ဟု ဆိုသည်။

“Mytel မှ မဟုတ်ပါဘူး။ စစ်ကောင်စီနဲ့ ဆက်စပ်သော အခြားအရာများကိုပါ ဆက်ပြုလုပ်ဖို့ ရှိပါတယ်” ဟု MTHSF တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ဆက်သွယ်ရေး တာဝါတိုင် သည် သထုံမြို့နယ်အတွင်း ပထမဦးဆုံး ဖောက်ခွဲ ဖျက်ဆီးခံရသော တာဝါတိုင်ဖြစ်သည်။

တာဝါတိုင်အား ဖောက်ခွဲဖျက်ဆီးရန် ပြင်ဆင်နေစဉ်တွင် အနီးအနားကျေးရွာက ရွာသားလေးဦး ရောက်ရှိလာသည့်အတွက် ၎င်းတို့ကို ခေတ္တထိန်းသိမ်းလိုက်ပြီး တာဝါတိုင်အား ဖောက်ခွဲဖျက်ဆီးပြီးမှ ထိုဒေသခံလေးဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

မိုင်းဆွဲဖျက်ဆီးလိုက်သော တာဝါတိုင်နှင့် တစ်မိုင်ခွဲဝန်းကျင်အကွာတွင် အာဏာသိမ်း စစ်ကောင်စီ၏ အမှတ် (၄၀၂) အမြောက်က်တပ်ရင်း တည်ရှိသည်။ ထိုအမြောက်တပ်ရင်း အနောက်ဘက်ရှိ လက်နက်တိုက်သည် ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက် ညနေပိုင်းက ဗုံးခွဲတိုက်ခိုက်ခံခဲ့ရသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly