ဒုအရာခံဗိုလ်ကို မြို့ပြပြောက်ကျားတပ်ဖွဲ့မှ အနီးကပ် ပစ်ခတ်၊ နေရာ၌ပင် သေဆုံးသွားဟုဆို

By ပါခွီး
16 November 2021
ဒုအရာခံဗိုလ်ကို မြို့ပြပြောက်ကျားတပ်ဖွဲ့မှ အနီးကပ် ပစ်ခတ်၊ နေရာ၌ပင် သေဆုံးသွားဟုဆို

နိုဝင်ဘာ ၁၆

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)မှ အရာခံဗိုလ်တစ်ဦးကို အနီးကပ် ပစ်ခတ်ခဲ့သည်ဟု မြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်သည့် အထူးဒေသ တိုက်ခိုက်ရေးတပ်ဖွဲ့ - မုံရွာ (Special Regional Attacks Forces – MWA)က ပြောသည်။

“ကြိုတင်သတင်းရလို့ မဟုတ်ပါဘူး။ ကျွန်‌တော်တို့ ရဲဘော်တွေ ကင်းလှည့်တဲ့ အချိန်မှာ သူတို့က အရပ်ဝတ်‌တွေနဲ့ ဈေးဝယ်ထွက်လာတာကို တွေ့ရတယ်။ အဲဒါနဲ့ အနီးကပ် ခေါင်းကိုပစ်ခဲ့တာပါ” SRAF - MWA ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယနေ့ နိုဝင်ဘာလ ၁၆ရက် နံနက် ၁၀နာရီဝန်းကျင်တွင် မုံရွာမြို့ မြသလ္လာဈေးသို့ နမခ တပ်အတွင်း စတုဒိသာကျွေးရန် ဒုအရာခံဗိုလ် နှစ်ဦး ဈေးဝယ်ထွက်စဉ် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဦးခေါင်းအပစ်ခံရသော ဒုအရာခံဗိုလ်မှာ နေရာတွင်သေဆုံးသွားပြီး အခြား အရာခံဗိုလ် တစ်ဦးမှာ ထွက်ပြေးသွားကြောင်း ၎င်းမှ ဆိုသည်။

ယနေ့ နေ့လယ် ၃နာရီ အချိန်တွင်လည်း မုံရွာမြို့ ဘုရားကြီးရပ်ကွက် ဆုတောင်းပြည့် ဘုရားအနီးတွင် စစ်ဘက်ဆိုင်ရာလုံခြုံရေးအဖွဲ့ (စရဖ) အဖွဲ့ဝင်တစ်ဦး လုပ်ကြံသတ်ဖြတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

၎င်း လုပ်ကြံမှုအား မည်သည့်အဖွဲ့က လုပ်‌ဆောင်ခဲ့ကြောင်း မသိရှိရသေးပေ။

ပြည်သူများအနေဖြင့် ကျန်းမာရေး ကိစ္စမှ လွဲ၍ အိမ်စီးကားကို မစီးကြပါရန် နှင့် မဖြစ်မနေ စီးရမည်ဆိုပါက ကားမှန်ချ မောင်းနှင်ရန် MWAက မေတ္တာရပ်ခံထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required