ဟင်္သာတမြို့ ပြည်သူ့ကျန်းမာ‌ရေးဌာနက CDM ကျန်းမာရေးကြီးကြပ်(၂) နေရာများတွင် အစားထိုးရန် သင်တန်းပေးနေ

ဟင်္သာတမြို့ ပြည်သူ့ကျန်းမာ‌ရေးဌာနက CDM ကျန်းမာရေးကြီးကြပ်(၂) နေရာများတွင် အစားထိုးရန် သင်တန်းပေးနေ

နိုဝင်ဘာ ၁၆

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အကြမ်းမဖက်အာဏာဖီဆန်ရေး(CDM) ပြုလုပ်နေသည့် ကျန်းမာရေးကြီးကြပ် (၂) ဝန်ထမ်းများ နေရာတွင် အစားထိုးရန်အတွက် ရက်တိုသင်တန်းအမြန်ပေးနေသည်ဟု CDM ၀န်ထမ်းများထံမှ သိရသည်။

ရက်တိုသင်တန်းကို နိုဝင်ဘာလ ၁၅ရက် ကစတင်ကာ ဖွင့်လှစ်ခဲ့ပြီး ဟင်္သာတခရိုင် ပြည်သူ့ဆေးရုံကြီးဝန်းအတွင်းရှိ လေးထပ် အဆောက်အအုံ တွင် သင်တန်းပေး နေခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

“ သင်တန်းတက်နေတာက ဦးရေ ၅၀ ဝန်းကျင်လောက်တော့ရှိမယ်။ CDMဝန်ထမ်းတွေ နေရာမှာ ခန့်ထားဖို့ ရက်တိုသင်တန်းပေးနေတာ၊ ဒီမှာက CDMဝန်ထမ်းတွေကို ဖမ်းမယ်ဆိုပြီး အသံတွေလွှင့်ထားပြီး ဟိုးအရင်ရက်ကတော့ ဖမ်းဆီးတာတွေရှိတယ်။ အခုတော့ ငြိမ်နေပြန်တယ်”ဟု ဟင်္သာတဆေးရုံမှ CDMဝန်ထမ်းတစ်ဦးက ပြောသည်။

ကျန်းမာရေးကြီးကြပ် (၂)ရာထူးသည် ဆေးရုံတစ်ခုတွင် အောက်ဆုံးအဆင့် ရာထူးဖြစ်ပြီး ယခုကဲ့သို့ လစ်လပ်နေသည့် CDMဝန်ထမ်းများ၏ နေရာတွင် ဝင်ရောက်လျှောက်ထားသည်မှာ အံ့ဩစရာဖြစ်နေကြောင်း CDMကျန်းမာရေးဝန်ထမ်းများက ဆိုသည်။

“PHS2ဆိုတာ ကျန်းမာရေးကြီးကြပ်( ၂)ကိုပြောတာ၊ ရွာဘက်မှာဆိုရင် ကျန်းမာရေးမှူး HA, LHV သားဖွားဆရာမပြီးမှ သူတို့တွေ အကူသဘောပေါ့။ သူတို့ကို အခြေခံကျန်းမာရေးအနည်းအပါးပဲ သင်လိုက်ပြီးတော့ ရွာတွေကိုလွှတ်တာများတယ်။ ပုံမှန်သင်တန်းဆိုရင် လပြတ်အလိုက်တက်ရမှာ အခုစစ်‌ကောင်စီက အမြန်လိုနေတော့ ရက်တိုသင်တန်းတွေပေးနေတာကြားတယ်။ လူနာတွေအတွက် ရင်လေးစရာပေါ့”ဟု CDMသူနာပြုတစ်ဦးက ပြောသည်။

ဟင်္သတာခရိုင် ကျန်းမာရေးဌာနတွင် CDMကျန်းမာရေးဝန်ထမ်း ဦးရေပေါင်း ၂၀၀ကျော်ရှိကြောင်း CDM၀န်ထမ်းများ၏ စာရင်းများအရသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly