ရွှေ့ပြောင်းဝင်ရောက်သူတွေကို နိုင်ငံရင်း ပြန်ပို့ဖို့ လုပ်ဆောင်နေလို့ ဘီလာရုစ် ပြော

ရွှေ့ပြောင်းဝင်ရောက်သူတွေကို နိုင်ငံရင်း ပြန်ပို့ဖို့ လုပ်ဆောင်နေလို့ ဘီလာရုစ် ပြော
Photo: :AFP

နိုဝင်ဘာလ ၁၆ ရက်

AFP 

ပိုလန်နိုင်ငံနဲ့ နယ်စပ်နားမှာ စုပြုံရောက်ရှိနေတဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေကို နိုင်ငံရင်းဆီ ပြန်ပြီး ပို့ဆောင်ဖို့အတွက် လုပ်ဆောင်လျက် ရှိနေတယ်လို့ ဘီလာရုစ် သမ္မတ အလက်ဇန္ဒြား လူကာရှန်ကိုက တနင်္လာနေ့မှာ ပြောပါတယ်။ 

ဆိုဗီယက်ဟောင်း ဘီလာရုစ်နိုင်ငံကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်‌ရေးအတွက် ဥရောပသမဂ္ဂ အီးယူရဲ့ အစည်းအဝေး မတိုင်ခင်မှာ ပြဿနာကို ထိန်းသိမ်းနိုင်ဖို့ ကြိုးစားလာဟန်ရှိတဲ့ ပြောဆိုချက်ပဲ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ လတွေအတွင်းမှာ အရှေ့အလယ်ပိုင်းက ရွှေ့ပြောင်းဝင်ရောက်သူ ထောင်ပေါင်းများစွာဟာ ဘီလာရုစ်နိုင်ငံကို ဖြတ်ပြီး အီးယူအဖွဲ့ဝင် ပိုလန်နိုင်ငံထဲ ဝင်ရောက်ဖို့ ကြိုးစားလာကြတာ ဖြစ်ပါတယ်။ နယ်စပ်ဖြတ်သန်းဖို့ ကြိုးစားကြတာကို ပိုလန်နယ်ခြားစောင့်တပ်တွေက ပြင်းပြင်းထန်ထန် တားမြစ်တာကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်မှာ တင်းမာမှုတွေ မြင့်တက်နေခဲ့တာ ဖြစ်ပါတယ်။ 

အစောပိုင်းက ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို လက်တုံ့ပြန်ပြီး ဘီလာရုစ်နိုင်ငံဟာ ရွှေ့ပြောင်းဝင်ရောက်သူတွေကို ခုလို နယ်စပ်ဆီ ပို့ဆောင်လာတာဖြစ်တယ်လို့ အီးယူက စွပ်စွဲပြောဆိုပါတယ်။

ရွှေ့ပြောင်းဝင်ရောက်သူတွေကို နိုင်ငံရင်း ပြန်ပို့နိုင်ဖို့ လုပ်ဆောင်နေပြီလို့ ပြောလာတာဟာ လူကာရှန်ကိုရဲ့ ပြဿနာ ပြေလည်ရေး စကားကမ်းလှမ်းဟန် ရှိနေပါတယ်။ အီးယူ အဖွဲ့ဝင် ၂၇ နိုင်ငံက နိုင်ငံခြားဝန်ကြီးတွေဟာ ရွှေ့ပြောင်းဝင်ရောက်သူတွေရဲ့ ပြဿနာနဲ့ ပတ်သက်လို့ ဘီလာရုစ်ကို အပြစ်ဒဏ်သစ်တွေ ချမှတ်ဖို့ တနင်္လာနေ့မှ စည်းဝေးတွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ 

ဘီလာရုစ်အနေနဲ့ နယ်စပ်က အခြေအနေတွေကို ‘ပဋိပက္ခ’ ဖြစ်ရတဲ့အထိ တင်းမာမှု အရှိန်မြင့်တက်မခံလိုကြောင်း လူကာရှန်ကိုက ဆိုပါတယ်။ ပိုလန်နဲ့ နယ်စပ်မှာ တဲစခန်းချနေတဲ့ ရွှေ့ပြောင်းဝင်ရောက်သူ ထောင်ပေါင်းများစွာကို နေရပ်ပြန်ပို့နေပါပြီလို့ သူက ပြောပါတယ်။ 

“အဲဒီ နယ်စပ်မှာ တကယ်ပဲ လုပ်ကိုင်ဆောင်ရွက်နေတာပါ၊ ရွှေ့ပြောင်းဝင်ရောက်သူတွေကို နေရပ်ပြန်ကြဖို့ နားချနေပါတယ်၊ ဒါပေမဲ့ ဘယ်သူမှ မပြန်လိုကြဘူး”လို့ လူကာရှန်ကိုက‌ ပြောကြောင်း နိုင်ငံပိုင် Belta သတင်းဌာနက ထုတ်လွှင့်ခဲ့ပါတယ်။ 

ဘီလာရုစ်အနေနဲ့ ပိုလန်ကသာ ‘လူသားချင်းစာနာထောက်ထားရေး စင်္ကြံ’ကို မဖွင့်ပေးခဲ့ရင် ဂျာမနီက တာဝန်ရှိသူတွေ ကမ်းလှမ်းထားတဲ့အတိုင်း လုပ်ဆောင်သွားဖို့ ရှိတယ်လို့ သူက ဆိုပါတယ်။ ဒီအတွက် နိုင်ငံပိုင် Belavia လေကြောင်းလိုင်းကနေပြီး ဂျာမနီဆီ ရွှေ့ပြောင်းဝင်ရောက်သူတွေကို ပို့ဆောင်ရမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။ 

“လိုအပ်လာရင်တော့ ကျွန်တော်တို့ ကိုယ်ပိုင်လေယာဉ်တွေနဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေကို ဂျာမနီဆီ ပို့ဆောင်မှာ ဖြစ်ပါတယ်”လို့ လူကာရှန်ကိုက ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly