ကတ်တလန်ကို ဆန့်ကျင်သည့်စာကြောင့် ကစားသမားသစ်ကို နာရီပိုင်းအတွင်း ဘာစီလိုနာစာချုပ်ဖျက်သိမ်း

ကတ်တလန်ကို ဆန့်ကျင်သည့်စာကြောင့် ကစားသမားသစ်ကို နာရီပိုင်းအတွင်း ဘာစီလိုနာစာချုပ်ဖျက်သိမ်း

ဒီဇင်ဘာ ၂၉၊ ဘာစီလိုနာ ။           ။ ဘာစီလိုနာအသင်းသည် လွန်ခဲ့သည့်နှစ်နှစ်ကျော်က ကတ်တလန်ဒေသကို ဆန့်ကျင်သည့်စာကို တွစ်တာတွင်ရေးသားခဲ့သော ကစားသမားသစ် ဆာဂျီဂွာဒီယိုလာကို စာချုပ်ချုပ်အပြီးနာရီပိုင်းအကြာတွင် စာချုပ်ဖျက်သိမ်းလိုက်သည်။

အသက် ၂၄ နှစ်အရွယ်ရှိ ဆာဂျီဂွာဒီယိုလာသည် တနင်္လာနေ့လယ်ပိုင်းတွင် ဘာစီလိုနာ (ခ)အသင်းအတွက် စာချုပ်ချုပ်ဆိုခံရသော်လည်း ညနေပိုင်းတွင် တရားဝင်စာချုပ်ဖျက်ခံခဲ့ရသည်။
ဘာစီလိုနာနှင့် ကက်တလန်ဒေသကို စော်ကားသည့် ယင်းကစားသမား၏ အတိတ်ကအရေးအသားအပေါ် ဘာစီလိုနာအသင်းက ပြင်းထန်စွာအရေးယူခဲ့ခြင်းဖြစ်သည်။

ကစားသမားသစ်သည် ဘာစီလိုနာ၏ခါးသီးပြိုင်ဘက် ရီးယဲလ်မက်ဒရစ်အသင်းကို အားပေးသည့်အရေးအသားအပြင် ၂၀၁၃ အောက်တိုဘာ တွင်လည်း ကက်တလန်ဒေသကို ဝေဖန်ရေးသားခဲ့သည်။

စပိန်ရေဒီယိုတစ်ခုနှင့်အင်တာဗျူးတွင် ၎င်းရေးသားခဲ့သည့် စာသာများနှင့်ပတ်သက်ပြီး ဗဟုသုတနည်းပါးခဲ့ကြောင်းနှင့် သူငယ်ချင်းတစ်ဦးမှ ရေးသားခဲ့ခြင်းဖြစ်ကြောင်း ဖြေရှင်းခဲ့သည်။

"ကျွန်တော်အမှားလုပ်ခဲ့တာ သိပါတယ်။ ကတ်တလန်နဲ့ ဘာစီလိုနာအသင်းကိုလည်း တောင်းပန်ပါတယ်။ ဆုံးဖြတ်ချက်ကိုနားလည်လက်ခံပြီး နောက်မလုပ်တော့ပါဘူး။ ကျွန်တော်ရှင်းပြချင်တာက တွစ်တာမှာ အဲဒီစာတွေကို ကျွန်တော်မရေးခဲ့ပါဘူး။ သူငယ်ချင်းတစ်ယောက်က ကျွန်တော့်ဖုန်းကိုယူပြီး ရေးခဲ့တာ ပါ။ နားလည်မှုလွဲချင်းသာဖြစ်ပါတယ်။ အဲဒီစာတွေက ၂၀၁၃ ကတည်းကဖြစ်ပြီး သူငယ်ချင်းတစ်ယောက်ကနောက်ပြီး ရေးခဲ့တာပါ။ ဒီစာတွေ ရှိမှန်းတောင် ကျွန်တော်မသိခဲ့ပါဘူး။ ဘာစီလိုနာက ကျွန်တော့်အပေါ် ကောင်းကောင်းဆက်ဆံခဲ့ပါတယ်။ သူတို့ရဲ့ဆုံးဖြတ်ချက်ကိုလည်း နားလည်ပါတယ်"ဟု ဆာဂျီဂွာဒီယိုလာက ပြောသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly