ပါကစ္စတန်၏ ငွေကြေးဖောင်းပွမှုနှုန်းက နောက် ၆ လအထိ ဆက်လက်မြင့်တက်မည်ဟု ခန့်မှန်း

ပါကစ္စတန်၏ ငွေကြေးဖောင်းပွမှုနှုန်းက နောက် ၆ လအထိ ဆက်လက်မြင့်တက်မည်ဟု ခန့်မှန်း

ပါကစ္စတန်နိုင်ငံတွင် ငွေကြေးဖောင်းပွမှုနှုန်းက လာမည့် ခြောက်လအထိ ဆက်လက်မြင့်တက်နေလိမ့်မည် ဖြစ်ကြောင်း စီးပွားရေး စုံစမ်းထောက်လှမ်းမှု ယူနစ် (EIU) ၏ အကဲဖြတ်ထုတ်ပြန်ချက်ကို ကိုးကားပြီး ပြည်တွင်းမီဒီယာတစ်ခုက ဖော်ပြသည်။ ဆော်ဒီ အာရေးဗျထံမှ ပေးအပ်သည့် အကူအညီထောက်ပံ့မှုအစီအစဥ်တစ်ခု ရှိသော်ငြား ပါကစ္စတန် ရူပီးငွေသည် တန်ဖိုးလျော့ကျမှု လမ်းကြောင်းတစ်ခုပေါ် ဆက်ရှိနေဖွယ် ရှိသည်ဟု သိရသည်။

ငွေကြေးဖောင်းပွမှုကို တိုင်းတာသည့် အဓိကညွှန်မှတ်တစ်ခုဖြစ်သည့် Consumer Price Index (စားသုံးသူဈေးဆနှုန်း) သည် အောက်တိုဘာလတွင် တစ်နှစ်ထက်တစ်နှစ် ၉ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ထားခဲ့ကြောင်း ပါကစ္စတန် စာရင်းအင်းဗျူရို (PBS) က ထုတ်ပြန်သည့်ဒေတာများတွင် ပြသနေခဲ့ပြီးနောက် ယခုကဲ့သို့ EIU ၏ အကဲဖြတ်ချက် ထွက်ရှိလာခဲ့ခြင်းဖြစ်သည်ဟု Geo News က ဖော်ပြသည်။

"ငွေကြေးဖောင်းပွစေတဲ့ တွန်းအားတွေ အားကောင်းနေမှုရဲ့ နောက်ကွယ်မှာက အဓိကအားဖြင့်တော့ သွင်းကုန်တင်သွင်းမှုပိုင်း တိုးတက်မှု မြန်ဆန်မှုက မောင်းနှင်နေသလို ကမ္ဘာလုံးဆိုင်ရာ ကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းတွေ ထိုးတက်နေတာကလည်း ဒါကို ပိုဆိုးစေခဲ့ပါတယ်၊ စီးပွားရေးကလည်း COVID-19 ကပ်ရောဂါကြောင့် ဖြစ်တဲ့ အလျဥ်ပြတ်မှုတွေကနေ ပြန်လည်နာလန်ထနေရတုန်း ဖြစ်ပါတယ်" ဟု EIU က ထုတ်ပြန်သည်။

"ကုန်ပစ္စည်း ဈေးနှုန်းတွေ အတက်ဘက်မှာ ရှိနေစေမယ့် ဖိအားက ၂၀၂၂ ပထမနှစ်ဝက်အတွင်း ဆက်ရှိနေလိမ့်မယ်လို့ ကျွန်တော်တို့ ဆက်လက်ပြီးတော့ ခန့်မှန်းပါတယ်၊ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ပြန်လည်နာလန်ထူမှုကြောင့်လည်း ကုန်ပစ္စည်း ဈေးနှုန်းတွေကို ဆက်လက် မြင့်တက်နေစေဖွယ် ရှိပါတယ်၊ ပါကစ္စတန်မှာ ထပ်တလဲလဲ ကျယ်ပြန့်နေတဲ့ ကုန်သွယ်မှု လိုငွေနဲ့ အားကောင်းတဲ့ ငွေကြေးဖောင်းပွစေတဲ့ ဖိအားတွေ ရှိနေတာနဲ့အတူ ဆော်ဒီအာရေးဗျကနေ ဘဏ္ဍာရေး အကူအညီ အစီအစဥ်တစ်ခု ပုံစံနဲ့ ကာလတို သက်သာရာရနိုင်စရာ ရှိပေမယ့်လည်း ရူပီးငွေကတော့ ငွေတန်ဖိုးလျော့ကျမှု လမ်းကြောင်းတစ်ခုမှာ ဆက်ရှိနေပါလိမ့်မယ်" ဟု EIU က ပြောသည်။

ပါကစ္စတန်ဗဟိုဘဏ် (SBP) က နိုဝင်ဘာ ၂၆ ရက် ယင်း၏ လာမည့် ငွေရေးကြေးရေး မူဝါဒဆိုင်ရာ အစည်းအဝေးတစ်ခုတွင် အတိုးနှုန်းများ ထပ်မံတိုးမြှင့်လိမ့်မည်ဖြစ်ကြောင်း ခန့်မှန်းရန် EIU က ယင်း၏ အကဲဖြတ်ချက်ကို အသုံးပြုခဲ့သည်ဟု Geo News က ဖော်ပြသည်။

"SBP ဆီကနေ နောက်ထပ် မူဝါဒတင်းကျပ်မယ်လို့ ခန့်မှန်းရင်း ၂၀၂၁ ခုနှစ်မှာ ငွေကြေးဖောင်းပွမှုနှုန်း ၉ ဒသမ ၂ ရာခိုင်နှုန်း ဆိုတဲ့ ခန့်မှန်းချက်အတိုင်း ကျွန်တော်တို့ ဆက်လက် ထားရှိပါတယ်" ဟု ယင်းက ပြောသည်။

ပါကစ္စတန်တွင် ငွေကြေးဖောင်းပွမှုနှုန်းသည် မြင့်တက်နေပြီး ယင်းအတွက်ကြောင့်လည်း နိုင်ငံတဝန်း အတိုက်အခံများနှင့် ပြည်သူများ၏ ဆန္ဒပြမှုများကို ဖြစ်ပေါ်ထားစေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly