ချောင်းသာမှ ပုသိမ်ဘက်သို့ပြန်လာသည့် စစ်ကောင်စီယာဉ်တန်း ပစ်ခတ်တိုက်ခိုက်ခံရဟုဆို

ချောင်းသာမှ ပုသိမ်ဘက်သို့ပြန်လာသည့် စစ်ကောင်စီယာဉ်တန်း ပစ်ခတ်တိုက်ခိုက်ခံရဟုဆို
ဓာတ်ပုံ = ချောင်းသာ - ပုသိမ် လမ်းပိုင်း တစ်နေရာ

နိုဝင်ဘာ ၁၅

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ချောင်းသာ-ပုသိမ်ကားလမ်းအတိုင်း ပုသိမ်ဘက်သို့ပြန်လာသော စစ်ကောင်စီယာဉ်တန်းကို အမည်မသိအဖွဲ့တစ်ဖွဲ့က ယနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်အချိန်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါ စစ်ကောင်စီယာဉ်တန်းတွင် ကား ရှစ်စီးခန့်ပါသည်ဟု သိရပြီး ချောင်းသာ-ပုသိမ်ကားလမ်းပေါ်ရှိ ခြောက်ကောင်ကျေးရွာ၊ တောင်သာယာ အနီးတွင် တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

"သေနတ်သံတွေကြားလိုက်ရတာ အများကြီးပဲ စစ်သားတွေတော်တော်များများထိသွားတယ်လို့လည်းကြားတယ်၊ ပစ်တဲ့ကောင်လေးတွေက ပစ်ပြီးပြီးချင်းပဲ ချက်ချင်းပျောက်သွားကြတယ် အခုတော့ ရဲကားတွေနဲ့ စစ်ကားတွေအများကြီးပဲ အဲ့ဒီဘက်ကိုဆင်းသွားကြတယ်"ဟုဒေသခံကပြောသည်။

ပစ်ခတ်ခံရသည့် စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်းမှာ ပုသိမ်မြို့ဘက်သို့ မောင်းနှင်သွားပြီး ညနေ ၃ နာရီခွဲမှ ၅ နာရီခွဲခန့်အချိန်အတွင်း စစ်ကားနှင့် ရဲကား အစီး ၄၀ ခန့် ပုသိမ်မြို့မှ ပစ်ခတ်မှုဖြစ်ပွားရာ ချောင်းသာဘက်သို့ လက်နက်အင်အားအပြည့်အစုံဖြင့် တောနင်းရှာဖွေရန် မောင်းနှင်သွားခြင်း ဖြစ်နိုင်ကြောင်း တွေ့ရှိလိုက်သည့် ဒေသခံ၏ ပြောကြားချက်အရ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly