ရန်ကုန်အသင်း သြစတြေးလျ နောက်ခံလူအား စာချုပ်ဖျက်သိမ်းလိုနေ

ရန်ကုန်အသင်း သြစတြေးလျ နောက်ခံလူအား စာချုပ်ဖျက်သိမ်းလိုနေ
ရန်ကုန်အသင်းနှင့် စာချုပ်ဖျက်သိမ်းရန် နီးစပ်နေသည့် မီလန်ဆူဆက်။ (ဓာတ်ပုံ - ရန်ကုန်ယူနိုက်တက်)

မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲ၏ လက်ရှိချန်ပီယံ ရန်ကုန်ယူနိုက်တက်အသင်းသည် သြစတြေးလျလူမျိုး နောက်ခံလူ မီလန်ဆူဆက်ကို စာချုပ်ဖျက်သိမ်းရန် နီးစပ်နေပြီး ၎င်း၏ နေရာအတွက် ကစားသမားတစ်ယောက် ရှာဖွေလျက် ရှိသည်။

နောက်ခံလူ မီလန်ဆူဆက်သည် ရန်ကုန်အသင်း၏ ရာသီကြို ခြေစမ်းပွဲတွင် ဒဏ်ရာရရှိခဲ့ပြီး အဆိုပါဒဏ်ရာကြောင့် တစ်လခန့် အနားယူရမည်ဖြစ်သည်။ ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၁၆ ဇန်နဝါရီ ၃ ရက်တွင် ဧရာဝတီယူနိုက်တက်အသင်းနှင့် ချာရတီဖလားယှဉ်ပြိုင် ကစားရမည်ဖြစ်သလို ဖေဖော်ဝါရီ ၂ ရက်တွင် ထိုင်းကလပ် ချောင်ဘူရီအသင်းနှင့် အာရှချန်ပီယံလိဂ် ခြေစစ်ပွဲ ဒုတိယအဆင့် ပွဲစဉ်များကစားရန်ရှိနေသည်။ ဒဏ်ရာရရှိထားသော မီလန် ဆူဆက်သည် ရန်ကုန်အသင်းကစားရမည့် ချာရတီဖလားနှင့် အာရှချန်ပီယံလိဂ် ခြေစစ်ပွဲစဉ်များကို လွှဲချော်မည်ဖြစ်သောကြောင့် ရန်ကုန်အသင်း အနေဖြင့်၎င်း၏ နေရာတွင် ကစားသမားသစ်တစ်ဦး ထပ်မံ ရှာဖွေလိုနေခြင်းဖြစ်သည်။

' စာချုပ်ဖျက်ဖို့ ရာခိုင်နှုန်းများတယ်။ စာချုပ်ဖျက်မလား၊ ဘယ်လိုလုပ်ရမလဲ ညှိနှိုင်းနေတုန်းပဲ။ လောလောဆယ် အပူတပြင်းလုပ်ဖို့ လိုတာက သူ့နေရာအစားထိုးဖို့ ကစားသမားရှာနေပါတယ်။ သူ့ဒဏ်ရာပြန်ကောင်းဖို့ တစ်လလောက်စောင့်ရမယ်။ အဲဒါကြောင့် အရေးကြီးတဲ့ပွဲတွေ မမီနိုင်တော့ဘူး။ ဒါကြောင့် သူ့နေရာကို အစားထိုးနိုင်မလားဆိုပြီး ကစားသမားရှာနေတယ်'ဟု ရန်ကုန်ယူနိုက်တက်အသင်း အထွေထွေမန်နေဂျာ ဦးကျော်လင်းထွေးက မဇ္ဈိမသို့ ပြောသည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၁၆ မြန်မာနေရှင်နယ် လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲနှင့် အာရှကလပ်အသင်းပြိုင်ပွဲများအတွက် ဘရာဇီးတိုက်စစ်မှူး အက်ဒီဆင်၊ မာဆယ်လိုတို့ကို ခေါ်ယူထားသလို ပြီးခဲ့သည့်ဘောလုံးရာသီက လက်စွမ်းပြခဲ့သည့် ဂိုးသမားဖာနန်ဒိုကိုလည်း ပြန်လည်ခေါ်ယူထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly