ဖားကန့်တွင် တိုက်ပွဲများပြန်လည်ပြင်းထန်ဟုဆို

ဖားကန့်တွင် တိုက်ပွဲများပြန်လည်ပြင်းထန်ဟုဆို

နိုဝင်ဘာ ၁၅

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် နိုဝင်ဘာလ ၁၃ ရက် ညနေ ၅ နာရီနောက်ပိုင်းကစပြီး တိုက်ပွဲများပြန်လည်ဖြစ်ပွားကာ ယမန်နေ့ နို၀င်ဘာလ ၁၄ ရက် ညနေထိ တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီက စစ်ရေးအရှိန်တိုးမြင့်ထားသည့် အနောက်မြောက်ပိုင်းစစ်မျက်နှာနှင့် နယ်နမိတ်ခြင်းထိစပ်နေသည့် ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခြင်းဖြစ်သည်။

ကေအိုင်အေ တပ်မဟာ (၉)လက်အောက်ခံ တပ်ရင်း(၆)တပ်ဖွဲ့ဝင်များ စစ်ရေးအရ လှုပ်ရှားသွားလာနေသော ဖားကန့်မြို့နယ်၊ ကံဆီးအထက်ပိုင်း နမ်ဂျန့်ဒေသအနီးရှိ ကျေးရွာများနှင့် အောင်လဲန့်၊ ဆိုင်းရာအစရှိသော ကျေးရွာများဘက်ရှိ အာဏာသိမ်းစစ်ကောင်စီ၏ တပ်စခန်းသုံးခုကို ကေအိုင်အေတပ်ဖွဲ့ဝင်များက နိုဝင်ဘာလ ၁၃ ရက် ညနေတွင် စတင်တိုက်ခိုက်ခဲ့သည်။

“ပေါက်ကွဲသံတွေ၊ ပစ်တဲ့အသံတွေကို တော်တော်လေးကိုကြားရတယ်။ အချိန်တော်တော်ကြာတယ်။ အိမ်ပေါ်ကနေဆိုရင် မီးကျည်ဖြတ်သွားတာတွေတောင် မြင်ရတယ်။ ကျွန်မတို့က ကြောက်လို့ အိမ်အပေါ်မှာတောင် မနေရဲဘူး” ဟု ဒေသခံများက ပြောသည်။

တိုက်ပွဲဖြစ်ပွားသည့်နေရာကို အာဏာသိမ်းစစ်ကောင်စီ၏ လေတပ်က လေယာဉ်များသုံးကာ လာရောက် ပစ်ခတ်ခဲ့သည့်အပြင် ကံဆီးဗျုဟာတပ်စခန်းကုန်းနှင့် လမောင်ကုန်းမှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ကေအိုင်အေ မြေပြင်အရာရှိတစ်ဦးက ပြောသည်။

တပ်စခန်းသုံးခုကို ဝင်တိုက်ခိုက်သော်လည်း စစ်ကောင်စီ၏ တပ်စခန်းတစ်ခုကိုသာ သိမ်းပိုက်ထားကြောင်း ကေအိုင်အိုဗဟိုဌာနချုပ်၏ သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ကချင်ပြည်နယ်အခြေစိုက် သတင်းမီဒီယာများကို အတည်ပြုဖြေကြားထားသည်။

“တပ်စခန်းသုံးခုကို ဝင်တိုက်တယ်လို့တော့ကြားတယ်။ ဒါပေမဲ့ တပ်စခန်းတစ်ခုကိုပဲ သိမ်းနိုင်သေးတယ်လို့ ရှေ့တန်းမြေပြင်ကနေ သတင်းပို့လာတယ်။ ကျန်တဲ့တပ်စခန်းနှစ်ခုကိုတော့ သိမ်းတယ်လို့မကြားမိသေးဘူး” ဟု ကချင်ပြည်နယ်အခြေစိုက် သတင်းမီဒီယာများကို ဗိုလ်မှူးကြီးနော်ဘူက ပြောကြားထားသည်။

ကေအိုင်အေတိုက်ခိုက်ခဲ့သော တပ်စခန်းသုံးခုသည် ဖားကန့်မြို့နယ်တွင် အထိုင်ချစစ်ရေးလှုပ်ရှားနေသည့် အာဏာသိမ်းစစ်ကောင်စီ၏ တပ်မ (၃၃) လက်အောက်ခံ ခြေမြန်တပ်ရင်း (၁၁၁) တပ်ဖွဲ့ဝင်များရှိရာ စခန်းဖြစ်ကြောင်း သိရသည်။

ထို တပ်စခန်းများသည် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်ကပင် အခြေချ

တည်ရှိခဲ့ြပီး တပ်စခန်းတစ်ခုတွင် အနည်းဆုံး စစ်သည်အင်အား ၃၀ ထက် မနည်း ရှိကြောင်း သိရသည်။

ဖားကန့်ဒေသတွင် အာဏာသိမ်းစစ်ကောင်စီက အင်တာနက်လိုင်းများကို ဖြတ်တောက်ထားဆဲဖြစ်ပြီး၊ စစ်ရေးမငြိမ်သက်မှုများကလည်း ဆက်လက်မြင့်တက်နေဆဲ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly