တာမွေမြို့နယ်တွင် မီးလာဖြတ်သည့်အဖွဲ့က ဓာတ်ပုံရိုက်ထားလျှင် မီးမတပ်ပေးဟု ခြိမ်းခြောက်

By ဂန္ဒမာ
15 November 2021
တာမွေမြို့နယ်တွင် မီးလာဖြတ်သည့်အဖွဲ့က ဓာတ်ပုံရိုက်ထားလျှင် မီးမတပ်ပေးဟု ခြိမ်းခြောက်

နိုဝင်ဘာ ၁၅

တာမွေမြို့နယ်၌ ယနေ့ နိုဝင်ဘာလ ၁၅ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီ ဝန်ထမ်းများက နေအိမ်အချို့ကို မီးလာဖြတ်သွားပြီး ၎င်းတို့ကို ဓာတ်ပုံရိုက်လျှင် မီးပြန်မတပ်ပေးဟု ပြောဆို ခြိမ်းခြောက်ကြောင်း ရပ်ကွက်နေ ပြည်သူများက ပြောသည်။

"တာမွေ၊ ကျိုက္ကဆံလမ်းမှာ မီးတွေ လိုက်ဖြတ်နေတယ်။ ဒီတစ်ခေါက်တော့ စစ်သားတွေ မပါသေးဘူး။ ကျိုက္ကဆံ အိမ်ရာကို စဖြတ်နေတာပါ။ အစ်မတို့ အခန်းလည်း ဖြတ်ခံရတယ်။ အစ်မတို့ အောက်ထပ်က မီတာကြွေးကျန် သုံးသိန်းပဲ ရှိတယ်။ ဖြတ်သွားတယ်။ ငါးယောက်လောက် မီးလာ ဖြတ်တာပါ။ ကျိုက္ကဆံ အိမ်ယာမှာတော့ တိုက် (၁) ကနေ (၆) အထိ မီးဖြတ် ခံလိုက်ရပါတယ်" ဟု တာမွေမြို့နယ်နေ အမျိုးသမီးတစ်ဦးက မဇ္ဈိမကို ပြောသည်။

မီးလာဖြတ်သည့် အချိန်တွင် ရပ်ကွက်နေ ပြည်သူများက သွေးသစ္စာ သီချင်းဆို၍ လက်ခုပ်တီး ကြစဉ် "စောက်ရူးက ထလာပြန်ပြီ " ဟု ရိုင်းစိုင်းစွာ တုံ့ပြန် ပြောဆိုကြောင်းလည်း အဆိုပါ ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။

ယနေ့တွင် မီတာခ သုံးသိန်းအထက် ကျသော အိမ်ရာတိုက်ခန်းများ၊ ကွန်ဒိုများကိုသာ မီးဖြတ်ခြင်း ဖြစ်ပြီး နောက်နေ့များတွင် တာမွေမြို့နယ် အတွင်းရှိ အခြားသော ရပ်ကွက်နေအိမ်များကိုပါ မီးဖြတ်တောက်ခြင်း ရှိ၊မရှိ စောင့်ကြည့်ရဦးမည်ဟု ရပ်ကွက်နေ ပြည်သူများက ပြောသည်။

ယခုရက်ပိုင်းအတွင်း တာမွေမြို့နယ်ရှိ ရပ်ကွက်များတွင် မီတာခွန် စာရွက်များ လာရောက်ဝေပေး ထားသော်လည်း မြို့နယ်နေ ပြည်သူ အများစုက စစ်ကောင်စီကို ကျည်ဖိုး မပေးလို၍ မီတာမဆောင်ကြဟု ၎င်းတို့က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly