ရေစကြိုမြို့တွင် စစ်ကား ၁ စီးကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်

ရေစကြိုမြို့တွင် စစ်ကား ၁ စီးကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်

နိုဝင်ဘာ ၁၅

မကွေးတိုင်း၊ ပခုက္ကူမြို့မှ ရေစကြိုမြို့သို့ ထွက်လာသော စစ်ကောင်စီကား တစ်စီးကို နိုဝင်ဘာလ ၁၄ ရက် ည၁၀ နာရီဝန်းကျင်အချိန်တွင် ကိုရွိန်းဆီဆိုင်နှင့် သက်ရွာကြား၌ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသအခြေစိုက် Phoenix အထူးပြောက်ကျားတပ်ဖွဲ့ကပြောသည်။

မိုင်းဆွဲ တိုက်ခိုက်မှုကို People Defence Force Yesagyo အဖွဲ့နှင့် Phoenix အထူးပြောက်ကျားတပ်ဖွဲ့ တို့ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

"ကျွန်တော်တို့ မိုင်းသုံးလုံးဆွဲခဲ့တာ ကားတစ်စီးထဲဆိုတော့ အင်အားတော့ အရမ်းမများလောက်ဘူး။ ကားကိုတော့ ထိသွားတယ်။ ညကလည်းမှောင်နေတော့ ထိခိုက်ဒဏ်ရာရတာကိုတော့ အတိအကျ မသိလိုက်ဘူး။ သူတို့က ပခုက္ကူဘက်ကနေလာတာ သူတို့က ပခုက္ကူတပ်မရဲ့ လက်အောက်ခံတပ်ရင်းတွေရှိတယ်လေ။ အဲကနေလာတာ ဟိုနေ့က ဖြစ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့"ဟု Phoenix အထူးပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည်။

နိုဝင်ဘာလ ၁၃ရက်နေ့က ရေစကြိုမြို့အတွင်းရှိ ပခန်းငယ်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ ရဲများ စခန်းကို စွန့်ကာ ထွက်ပြေးခဲ့ကြကြောင်း၊ အဆိုပါတိုက်ခိုက်မှု အတွက် စစ်ကူလာသည့် စစ်ကားကို ဒေသခံ ပြည်သူ့ကာကွယ်ရေးပူး ပေါင်းတပ်များက ထပ်မံတိုက်ခိုက်လိုက်ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

ထို့ပြင် မကွေးတိုင်း ရေစကြိုမြို့နယ်အတွင်းရှိ ​ရေလယ်ကျွန်းဒေသတွင် စစ်အင်အားဖြည့်တင်းမှုများ ရှိနေကြောင်း သိရသည်။

"အဲ့မှာ သူတို့အင်အား ၆၀ လောက်ရောက်နေပြီ။ ကျန်တဲ့စစ်ကားတွေကလည်း အဲဒီကိုသွားနေတယ်လို့ သိရတယ်"ဟု ၎င်းကပြောသည်။

စစ်ကောင်စီတပ်မှ စစ်ကားအစီး ၂၀ ခန့်သည် နိုဝင်ဘာလ ၁၅ ရက် နံနက်ပိုင်းကလည်း ရေစကြိုမြို့မှ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ကြားရှိ ရေလယ်ကျွန်းဒေသသို့ ထွက်ခွာသွားသည်ဟုလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required